
#World_Health
Published 27 November 2026
■ အူလမ်းကြောင်းကျန်းမာရေးနဲ့ စိတ်ကျန်းမာရေးဟာ တစ်ခုနဲ့တစ်ခု နီးကပ်စွာ ဆက်စပ်နေတယ်ဆိုတာကို ဆေးပညာရှင်တွေက ပိုမိုအလေးထား ဆွေးနွေးလာကြပါတယ်။
■ လူအများစုက အူလမ်းကြောင်းဟာ အစားအစာတွေကို ချေဖျက်ပေးတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုအဖြစ်သာ သိထားကြပေမဲ့ တကယ်တော့ အူလမ်းကြောင်းရဲ့ လုပ်ဆောင်ချက်ဟာ အဲဒီထက် ပိုမိုကျယ်ပြန့်ပါတယ်။
■ အူလမ်းကြောင်းဟာ ဦးနှောက်နဲ့ အမြဲတမ်း အပြန်အလှန် ဆက်သွယ်နေပြီး စိတ်ခံစားချက်၊ စိတ်ဖိစီးမှုကို တုံ့ပြန်ပုံနဲ့ ကိုယ်ခန္ဓာရဲ့ လုပ်ဆောင်မှုအမျိုးမျိုးအပေါ် သက်ရောက်မှုရှိနေပါတယ်။
■ ဒီဆက်သွယ်မှုကို ဆေးပညာအရ Gut-Brain Axis လို့ ခေါ်ပါတယ်။
ဒီစနစ်ဟာ တစ်ဖက်တည်းကနေ အလုပ်လုပ်တာမဟုတ်ဘဲ အူလမ်းကြောင်းနဲ့ ဦးနှောက်ကြား အပြန်အလှန် သတင်းအချက်အလက် ပေးပို့နေတဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။
■ အူလမ်းကြောင်းကျန်းမာရေး မကောင်းတဲ့အခါ စိတ်ကျန်းမာရေးကို ထိခိုက်နိုင်သလို စိတ်ဖိစီးမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းမှုတွေ ကြာရှည်လာတဲ့အခါမှာလည်း အူအတွင်းရှိ အကျိုးပြုဘက်တီးရီးယားတွေနဲ့ အစာခြေစနစ်ကို ထိခိုက်စေနိုင်ပါတယ်။
■ ဒါကြောင့် လူတစ်ယောက် ဘာစားသလဲ၊ အိပ်ရေးဝအောင် အိပ်သလား၊ နေ့စဉ်ကြုံတွေ့ရတဲ့ အခြေအနေတွေကို ဘယ်လိုတုံ့ပြန်သလဲဆိုတာတွေဟာ အလုံးစုံကျန်းမာရေးအတွက် အရေးပါနေပါတယ်။
■ ၂၀၂၆ ခုနှစ် India Today HealthWealth Summit မှာ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ အထူးကုဆရာဝန် ဒေါက်တာ Ashwini Chopra နဲ့ ဘဝနေထိုင်မှုပုံစံ ပြောင်းလဲရေးဆိုင်ရာ နည်းပြနဲ့ ဟောပြောသူ Rasik Chopra တို့က အူလမ်းကြောင်းကျန်းမာရေးနဲ့ စိတ်ကျန်းမာရေးကြားက ဆက်စပ်မှုတွေကို ဆွေးနွေးခဲ့ကြပါတယ်။
■ သူတို့နှစ်ဦးက သားအဖဖြစ်ကြပြီး အူလမ်းကြောင်းနဲ့ ဦးနှောက် ဘယ်လိုဆက်သွယ်နေသလဲ၊ စိတ်ခံစားချက်တွေက အစာခြေစနစ်အပေါ် ဘယ်လိုသက်ရောက်သလဲ၊ နေ့စဉ်လူနေမှုပုံစံ အနည်းငယ်ပြောင်းလဲခြင်းကနေတစ်ဆင့် ခန္ဓာကိုယ်နဲ့ စိတ်ကျန်းမာရေးကို ဘယ်လိုမြှင့်တင်နိုင်သလဲဆိုတာတွေကို ရှင်းပြခဲ့ကြပါတယ်။
■ Gut-Brain Axis ဆိုတာ ဘာလဲ။
အူလမ်းကြောင်းနဲ့ ဦးနှောက်ကြား ဆက်စပ်မှုရဲ့ သိပ္ပံနည်းကျ အကြောင်းအရာတွေကို ရှင်းပြရာမှာ ဒေါက်တာ Ashwini Chopra က အူလမ်းကြောင်းနဲ့ ဦးနှောက်ဟာ အာရုံကြောဆက်သွယ်ရေးစနစ်တစ်ခုကနေတစ်ဆင့် အပြန်အလှန် သတင်းအချက်အလက်တွေ ပေးပို့နေကြတယ်လို့ ပြောပါတယ်။
■ အဲဒီစနစ်မှာ Autonomic Nervous System လို့ခေါ်တဲ့ အလိုအလျောက် အာရုံကြောစနစ် ပါဝင်ပါတယ်။
■ ဒီစနစ်မှာ အဓိကအစိတ်အပိုင်းတွေ ရှိပြီး Sympathetic Nervous System ကတော့ အန္တရာယ် ဒါမှမဟုတ် ဖိအားတစ်ခုခု ကြုံတွေ့ရတဲ့အခါ ခန္ဓာကိုယ်ကို တုံ့ပြန်စေတဲ့ Fight-or-Flight Response ကို ထိန်းချုပ်ပေးပါတယ်။
■ တစ်ဖက်မှာ Parasympathetic Nervous System ကတော့ ခန္ဓာကိုယ်ကို အနားယူစေပြီး အစာခြေစနစ် ပုံမှန်အလုပ်လုပ်နိုင်ဖို့ ကူညီပေးပါတယ်။
■ ဒါ့အပြင် Enteric Nervous System လို့ခေါ်တဲ့ အူလမ်းကြောင်းအတွင်းရှိ အာရုံကြောစနစ်တစ်ခုလည်းပါဝင်ပါတယ်။ ဒီစနစ်ကို တစ်ခါတရံမှာ “ဒုတိယဦးနှောက်” ဒါမှမဟုတ် Gut Brain လို့လည်း ခေါ်ကြပါတယ်။
■ ဒေါက်တာ Chopra ရဲ့ ရှင်းပြချက်အရ အူလမ်းကြောင်းနဲ့ ဦးနှောက်ဟာ Vagus Nerve လို့ခေါ်တဲ့ အာရုံကြောကနေတစ်ဆင့် အပြန်အလှန် ဆက်သွယ်နေကြတာ ဖြစ်ပါတယ်။
■ ဒီဆက်သွယ်မှုဟာ နှစ်ဖက်စလုံးကို သတင်းအချက်အလက် ပေးပို့နိုင်တဲ့စနစ် ဖြစ်တာကြောင့် ဦးနှောက်က အစာခြေစနစ်ရဲ့ လုပ်ဆောင်မှုကို လွှမ်းမိုးနိုင်သလို အူလမ်းကြောင်းကလည်း သတင်းအချက်အလက်တွေကို ဦးနှောက်ဆီ ပြန်လည်ပေးပို့နိုင်ပါတယ်။
■ ဒါ့အပြင် အူလမ်းကြောင်းအတွင်းမှာ နေထိုင်ကြတဲ့ အကျိုးပြုဘက်တီးရီးယားတွေဖြစ်တဲ့ Gut Microbiome ရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။
■ ဒီဘက်တီးရီးယားတွေဟာ အစာခြေဖျက်မှုကို ကူညီပေးတာ၊ ဗီတာမင်နဲ့ အာဟာရဓာတ်တွေ ထုတ်လုပ်ပေးတာအပြင် ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ပစ္စည်းတွေကနေ ကာကွယ်ရာမှာလည်း ပါဝင်လုပ်ဆောင်ပေးပါတယ်။
■ ဒါ့အပြင် အူလမ်းကြောင်းမှာ အာရုံကြောကွန်ရက် အလွန်ကျယ်ပြန့်စွာ ရှိနေပြီး စိတ်ခံစားချက်၊ လှုံ့ဆော်မှု၊ ကြောက်ရွံ့မှုနဲ့ ကိုယ့်ကိုယ်ကိုယ် သိမြင်နားလည်မှုတို့နဲ့ သက်ဆိုင်တဲ့ ဦးနှောက်အစိတ်အပိုင်းတွေနဲ့လည်း ဆက်သွယ်နေပါတယ်။
■ စိတ်ဖိစီးမှုက အူလမ်းကြောင်းကျန်းမာရေးကို ထိခိုက်စေနိုင်တယ်
အူလမ်းကြောင်းနဲ့ ဦးနှောက်ကြား ဆက်သွယ်မှုကို နားလည်ထားမယ်ဆိုရင် စိတ်ဖိစီးမှုကြောင့် ဘာလို့ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင်သလဲဆိုတာကိုလည်း နားလည်နိုင်ပါတယ်။
■ ဒေါက်တာ Chopra က လူတစ်ယောက် စိတ်ဖိစီးမှုကြုံတွေ့လာတဲ့အခါ ဦးနှောက်က Cortisol နဲ့ Adrenaline လို စိတ်ဖိစီးမှုဆိုင်ရာ ဟော်မုန်းတွေကို ထုတ်လွှတ်ပေးတယ်လို့ ရှင်းပြပါတယ်။
■ ဒီဟော်မုန်းတွေနဲ့ ဆက်စပ်တဲ့ အချက်ပြမှုတွေဟာ အူလမ်းကြောင်းအတွင်းရှိ ဘက်တီးရီးယားတွေအပေါ် သက်ရောက်မှုရှိပြီး အကျိုးပြုဘက်တီးရီးယားနဲ့ အန္တရာယ်ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေအကြား မျှတမှုကို ပျက်ပြားစေနိုင်ပါတယ်။
■ အလားတူပဲ အူလမ်းကြောင်းကျန်းမာရေး မကောင်းတဲ့အခါမှာလည်း စိတ်ခံစားချက်နဲ့ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုတွေကို ထိန်းချုပ်ပေးတဲ့ ဆက်သွယ်ရေးစနစ်တွေကတစ်ဆင့် ဦးနှောက်အပေါ် သက်ရောက်နိုင်ပါတယ်။
■ ဘဝနေထိုင်မှုပုံစံ ပြောင်းလဲရေးနည်းပြ Rasik Chopra ကတော့ စိတ်ဖိစီးမှုဆိုတာ ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်ပျက်နေသလဲဆိုတာတစ်ခုတည်းနဲ့ မသက်ဆိုင်ဘဲ အဲဒီအခြေအနေတွေကို ကိုယ်တိုင် ဘယ်လိုနားလည်ပြီး ဘယ်လိုတုံ့ပြန်သလဲဆိုတာနဲ့လည်း သက်ဆိုင်တယ်လို့ ရှင်းပြပါတယ်။
■ လူနှစ်ယောက်ဟာ အခြေအနေတစ်ခုတည်းကို ကြုံတွေ့ရပေမဲ့ အာရုံစိုက်တဲ့အရာနဲ့ စဉ်းစားပုံ မတူညီတာကြောင့် တုံ့ပြန်ပုံလည်း ကွာခြားနိုင်ပါတယ်။
■ သူ့ရဲ့အဆိုအရ လူတစ်ယောက်ဟာ ပြင်ပအခြေအနေအားလုံးကို ထိန်းချုပ်နိုင်မှာ မဟုတ်ပေမဲ့ ကိုယ့်ရဲ့အတွင်းစိတ် တုံ့ပြန်ပုံကိုတော့ ပြောင်းလဲဖို့ ကြိုးစားနိုင်ပါတယ်။
■ အကောင်းမြင်စိတ်ထားရှိခြင်းနဲ့ မရှိတာတွေကိုသာ အာရုံစိုက်နေမယ့်အစား လက်ရှိအခြေအနေမှာ ဘာလုပ်နိုင်သလဲဆိုတာကို အာရုံစိုက်ခြင်းဟာ ခက်ခဲတဲ့အခြေအနေတွေကို ရင်ဆိုင်ပုံ ပြောင်းလဲလာစေနိုင်တယ်လို့ ဆိုပါတယ်။
■ ကလေးဘဝအတွေ့အကြုံတွေက အရွယ်ရောက်လာတဲ့အခါ စိတ်ကျန်းမာရေးအပေါ် သက်ရောက်နိုင်တယ်
ဒီဆွေးနွေးပွဲမှာ ကလေးဘဝအတွေ့အကြုံတွေဟာ အရွယ်ရောက်လာတဲ့အခါ လူတစ်ယောက်ရဲ့ အပြုအမူနဲ့ စိတ်ခံစားချက်တွေကို ဘယ်လိုပုံဖော်ပေးနိုင်သလဲဆိုတာကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
■ Rasik Chopra က ကလေးဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေဟာ လူတစ်ယောက်ရဲ့ ယုံကြည်ချက်နဲ့ အလေ့အကျင့်ပုံစံတွေထဲမှာ စွဲမြဲကျန်ရှိနေနိုင်တယ်လို့ ပြောပါတယ်။
■ ဒါပေမဲ့ ကိုယ့်ရဲ့အတိတ်က အတွေ့အကြုံတွေကို ဘယ်လိုနားလည်အဓိပ္ပာယ်ဖွင့်ဆိုမလဲဆိုတာကိုတော့ ကိုယ်တိုင်ရွေးချယ်နိုင်တယ်လို့လည်း အလေးထားပြောဆိုခဲ့ပါတယ်။
■ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကလေးဘဝအတွေ့အကြုံတွေ ဒါမှမဟုတ် မိဘတွေကြောင့်ဆိုပြီး အပြစ်တင်နေခြင်းဟာ ကိုယ့်ဘဝကို ပြောင်းလဲနိုင်တဲ့ ကိုယ့်ရဲ့စွမ်းရည်ကို သတိမပြုမိစေနိုင်ဘူးလို့ဆိုပါတယ်။
■ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ တန်ဖိုးထားမှု တည်ဆောက်ဖို့ဆိုရင် ခက်ခဲတဲ့အရာတွေကို ရင်ဆိုင်လုပ်ဆောင်ခြင်း၊ အတွေ့အကြုံတွေကနေ သင်ယူခြင်းနဲ့ ရှေ့ဆက်လျှောက်လှမ်းနိုင်မယ့် ယုံကြည်မှုကို တည်ဆောက်ခြင်းတို့ လိုအပ်တယ်လို့ ရှင်းပြပါတယ်။
■ ဒါ့အပြင် လူအများစုဟာ အခြားသူတွေရဲ့ အသိအမှတ်ပြုမှုနဲ့ လက်ခံမှုကို လိုချင်တတ်ကြပါတယ်။ ဒါဟာလူသားတွေရဲ့ သဘာဝတစ်ခုလည်းဖြစ်ပါတယ်။
■ ဒါပေမဲ့ ကိုယ်တိုင်က အခြားသူတွေကို ချီးကျူးအသိအမှတ်ပြုပေးခြင်းနဲ့ သူတို့ကို တန်ဖိုးထားခံရတယ်လို့ ခံစားစေခြင်းတွေကို လေ့ကျင့်လုပ်ဆောင်မယ်ဆိုရင် ဒီအလေ့အကျင့်ကို ပြောင်းလဲနိုင်တယ်လို့ ဆိုပါတယ်။
■ ကျန်းမာတဲ့စိတ်တစ်ခု ပိုင်ဆိုင်ဖို့ လေ့ကျင့်မှု လိုအပ်တယ်
ဆွေးနွေးပွဲအဆုံးမှာ Rasik Chopra က ကျန်းမာတဲ့စိတ်ဆိုတာ ကိုယ်လိုချင်တဲ့ ဘဝပုံစံတစ်ခုကို တည်ဆောက်နိုင်ဖို့အတွက် မှန်ကန်တဲ့ပုံစံနဲ့ စဉ်းစားနိုင်ခြင်း၊ ခံစားနိုင်ခြင်းနဲ့ လုပ်ဆောင်နိုင်ခြင်းတို့ကို ဆိုလိုတယ်လို့ ရှင်းပြခဲ့ပါတယ်။
■ ဒီလိုစိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို တည်ဆောက်ဖို့ အဓိကအချက်သုံးချက်ကိုလည်း အကြံပြုခဲ့ပါတယ်။
■ ပထမအချက်က အပြုသဘောဆောင်တဲ့ အတွေးအခေါ်တွေ ပိုမိုတွေးတတ်လာအောင် စိတ်ကို လေ့ကျင့်ပေးဖို့ ဖြစ်ပါတယ်။
■ ဒုတိယအချက်က ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို ထိန်းညှိတတ်ဖို့ ဖြစ်ပါတယ်။
■ တတိယအချက်ကတော့ ကိုယ်ရောက်ရှိချင်တဲ့ ရည်မှန်းချက်တွေနဲ့ ကိုက်ညီတဲ့ လုပ်ဆောင်မှုတွေကို နေ့စဉ်ပုံမှန် ဆက်လက်လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။
■ ဆွေးနွေးသူနှစ်ဦးစလုံးက အူလမ်းကြောင်းကျန်းမာရေးနဲ့ စိတ်ကျန်းမာရေးကို သီးခြားစီ ခွဲခြားပြီး ကြည့်လို့မရဘူးဆိုတာကို အလေးထားပြောဆိုခဲ့ကြပါတယ်။
■ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ စားသုံးခြင်း၊ ပုံမှန်ကိုယ်လက်လှုပ်ရှားခြင်း၊ အိပ်ရေးဝဝအိပ်ခြင်းနဲ့ ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို သတိပြုနားလည်ခြင်းတို့ကို ပေါင်းစပ်လုပ်ဆောင်ခြင်းဟာ အလုံးစုံကျန်းမာရေးအတွက် အထောက်အကူဖြစ်စေနိုင်ပါတယ်။
Source-India Today