Kanbawza Tai News

တန်ဆောင်တိုင်ပွဲတော် ကာလအတွင်း The Sphere အဖွဲ့မှ Volunteer အင်အား ၈၀ ကျော်ဖြင့် စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကာလ ၁၃ ရက်အတွင်း The Sphere အဖွဲ့မှ စေတနာ့ဝန်ထမ်း ( Volunteer) အင်အား ၈၀ ကျော်ဖြင့် စွန့်ပစ်အမှိုက်များကို စနစ်တကျ ကောက်ယူသိမ်းဆည်းခြင်း နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို နေ့စဉ် ဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။

ပွဲတော်ကာလတစ်လျှောက် Volunteer များကို အဖွဲ့ငယ်များခွဲ၍ နေ့စဉ် နံနက်တိုင်းအလှည့်ကျ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး အမှိုက်ခြင်းများ ချထားပေးခြင်း၊ အမှိုက်ပုံများကို ပုံမှန်စစ်ဆေးခြင်း၊ အမှိုက်အိတ်များ လဲလှယ်ပေးခြင်းနှင့် စွန့်ပစ်အမှိုက်များကို ကောက်ယူသိမ်းဆည်းခြင်းများ ဆောင်ရွက်ခဲ့သည်ဟု အဆိုပါအဖွဲ့ ထံက သိရသည်။

ထို့ပြင် ပွဲတော်နောက်ဆုံးရက်တွင် စုဆောင်းရရှိထားသည့် အမှိုက်အိတ်များကို သေချာ စုစည်းကာ သတ်မှတ် နေရာတစ်ခုတွင် စုပုံထားပေးခဲ့ပြီး အမှိုက်သိမ်းဆည်းရေးလုပ်ငန်း ဆောင်ရွက်သူများ လာရောက်သိမ်းဆည်းရာတွင် အဆင်ပြေစေရန် စနစ်တကျ စီစဉ်ပေးခဲ့ကြောင်း သိရသည်။

အမှိုက်အသေးစားများမှအစ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်စေနိုင်သည့်အတွက် အမှိုက်များကို စနစ်တကျ စွန့်ပစ်သိမ်းဆည်းသည့် အလေ့အထများ ဖြစ်ပေါ်လာစေရန်နှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု လျော့နည်းလာစေရန် ရည်ရွယ်၍ အမှိုက်သိမ်းဆည်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပွဲတော်ဝင်းအတွင်း အမှိုက်တွေကို ကောက်ယူရှင်းလင်းပြီး သန့်ရှင်းသပ်ရပ်စေဖို့သာ မဟုတ်ဘဲ သဘာဝပတ်ဝန်းကျင် ကို ရေရှည်ထိန်းသိမ်းနိုင်ဖို့နဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာတွေ ပိုမိုရရှိလာစေဖို့ ရည်ရွယ်လုပ်ဆောင် တာ ဖြစ်ပါတယ်” ဟု The Sphere အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဖွဲ့အနေဖြင့် အမှိုက်စီမံခန့်ခွဲရေးလုပ်ငန်းများအပြင် မြေအောက်ရေဖြည့်တင်းရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့် လေထုညစ်ညမ်းမှုလျော့ကျရေးဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Kanbawza Tai News