
စော(NP News)-နိုဝင်ဘာ ၂၆
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ အကြား နယ်နိမိတ်မြစ်များနှင့် နယ်စပ်ဖြတ်ကျော်မြစ်/ချောင်းများ၏ ရေအရည်အသွေးကို လစဉ်ပုံမှန် တိုင်းတာ၍ လေ့လာဆန်းစစ်လျက်ရှိကြောင်း သယံဇာတနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက အသိပေးထားသည်။
နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော်ရေညစ်ညမ်းမှုကို ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်သည့် နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဥက္ကဋ္ဌအဖြစ်ပါဝင်၍ ဆက်စပ်ဝန်ကြီးဌာနများ အပါအဝင် အဖွဲ့ဝင်စုစုပေါင်း (၁၅) ဦးဖြင့် ပြီးခဲ့သည့် (၂၀၂၅)ခုနှစ်၊ ( ဒီဇင်ဘာ ၅ရက်)တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ဖွဲ့စည်းထားပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများအား (၂) လလျှင် တစ်ကြိမ် ပုံမှန်ကျင်းပဆောင်ရွက်လျက်ရှိရာ ပဉ္စမအကြိမ် နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့ အစည်းအဝေးကို ပြီးခဲ့သည့် (အောက်တိုဘာ ၃၀)ရက်က ကျင်းပခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား နယ်နိမိတ်မြစ်များနှင့် နယ်စပ်ဖြတ်ကျော်မြစ် များ၏ မြန်မာဘက်မှ ရေအရည်အသွေးစီမံခန့်ခွဲမှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့ ကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် က ဥက္ကဋ္ဌအဖြစ်ပါဝင်၍ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များအပါအဝင် အဖွဲ့ဝင် စုစုပေါင်း (၁၄) ဦးဖြင့် ပြီးခဲ့သည့် (အောက်တိုဘာ ၉ရက်)က အမိန့်ကြော်ငြာစာ ထုတ်ပြန် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
အဆိုပါပထမအကြိမ်အစည်းအဝေးကို ပြီးခဲ့သည့် (အောက်တိုဘာ ၁၆ရက်)က သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်လျက် ပူးတွဲလုပ်ငန်းအဖွဲ့၏ လုပ်ငန်းလမ်းညွှန် (Terms of Reference - TOR) ပါ လုပ်ငန်းများ ကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် မြန်မာ-ထိုင်း နှစ်နိုင်ငံပူးတွဲလုပ်ငန်း အဖွဲ့ ပထမအကြိမ်အစည်းအဝေးနှင့် အလုပ်ရုံဆွေးနွေးပွဲတို့အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာဘက်မှ ပူးတွဲလုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ်အစည်းအဝေးကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ဦးဆောင်၍ ပြီးခဲ့သည့် (နိုဝင်ဘာ ၁၇ရက်)က ကျင်းပခဲ့ပြီး ရေအရည်အသွေးစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ ကို အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ အကြား နယ်နိမိတ်မြစ်များနှင့် နယ်စပ်ဖြတ်ကျော်မြစ်/ချောင်းများဖြစ်သည့် နမ့်ခုတ် မြစ်၊ မဲခေါင်မြစ်၊ မယ်ဆိုင်ချောင်း၊ မယ်ဟုတ်ချောင်း၊ မယ်ဟောက်ချောင်းနှင့် မယ်ခေါင်ချောင်းတို့၏ ရေအရည်အသွေးကို ပြီးခဲ့သည့် ဇူလိုင်လမှစ၍ လစဉ်ပုံမှန် တိုင်းတာ၍ လေ့လာဆန်းစစ်လျက်ရှိကြောင်း လည်း အသိပေးထားသည်။
ထို့ပြင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့်ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှ ဆောင်ရွက်လျက်ရှိပြီး မိုင်းဆတ်နှင့်တာချီလိတ်မြို့အကြားတွင် အမှတ်(၂) သတ္တုတွင်းလုပ်ငန်းနှင့် အကျိုးတူသတ္တုတူးဖော်ရေးလုပ်ငန်း ဆောင်ရွက်နေသည့် ရွှေသတ္တု၊ ခဲမဖြူ၊ အဖြိုက်နက်သတ္တုနှင့် မြေရှားသတ္တု ကုမ္ပဏီ/လုပ်ကွက်များ မရှိကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက်က နိုင်ငံတော်သမ္မတမှ ထိုင်းနိုင်ငံ သို့ သွားရောက်ခဲ့စဉ်အတွင်း မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံအကြား နယ်နိမိတ်မြစ်များနှင့် နယ်စပ်ဖြတ်ကျော် မြစ်များ ရေအရည်အသွေး စီမံခန့်ခွဲမှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့၏ လုပ်ငန်းလမ်းညွှန် (Terms of Reference TOR) အား လက်မှတ်ရေးထိုးခဲ့ကြပြီး TOR တွင်ပါဝင်သော လုပ်ငန်းများကို မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတို့မှ ညှိနှိုင်းဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြန်မာ-ထိုင်းနှစ်နိုင်ငံ ပူးတွဲလုပ်ငန်းအဖွဲ့ ပထမအကြိမ်အစည်းအဝေးကို နိုဝင်ဘာလ (၂၅) နှင့် (၂၆) ရက်များ တွင် ထိုင်းနိုင်ငံ၌ ကျင်းပဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံဘက်မှ တက်ရောက်ဆွေးနွေးလျက်ရှိကြောင်းလည်း သိရသည်။