Myanmar Digital News

မဟာမဲခေါင်ဒေသတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအလားအလာများ

စည်သူကျော်

ခရီးသွားလုပ်ငန်းသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့် လုပ်ငန်းတစ်ခုဖြစ်သကဲ့သို့ နိုင်ငံများအကြား ယဉ်ကျေးမှုဖလှယ်ရေး၊ လူမှုဆက်ဆံရေးနှင့် ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုတို့ကို မြှင့်တင်ပေးနိုင်သည့် အရေးပါသောလုပ်ငန်းကဏ္ဍတစ်ခုလည်း ဖြစ်ပါသည်။

ယနေ့ ကမ္ဘာ့ခရီးသွားလုပ်ငန်း၏ ပြောင်းလဲလာသည့်အခြေအနေတစ်ရပ်ကို လေ့လာကြည့်ပါက နိုင်ငံတစ်နိုင်ငံချင်းစီအလိုက် ခရီးသွားဧည့်သည်များ ပိုမိုတိုးတက်ဝင်ရောက်လာစေရန် ကြိုးပမ်းခြင်းထက် နိုင်ငံများအကြား ခရီးသွားလာရေးဆိုင်ရာ အတားအဆီးများကိုလျှော့ချပြီး ဒေသတစ်ခုလုံးကို ခရီးသွားဈေးကွက်တစ်ခုအဖြစ် ပူးပေါင်းဖော်ဆောင် လာကြသည်ကို တွေ့ရှိရပါသည်။ ယင်းအနေအထား ကို အာဆီယံကို တစ်ခုတည်းသောခရီးစဉ်ဒေသ (Single Destination) အဖြစ်လည်းကောင်း၊ မဟာ မဲခေါင်ဒေသခွဲ ခြောက်နိုင်ငံကို ခရီးစဉ်ဒေသတစ်ခု အဖြစ်လည်းကောင်း (six countries, one destination) ဖော်ညွှန်းခဲ့ကြသည်။

ယင်းသို့ ပူးပေါင်းဆောင်ရွက်မှုများအနက် အရှေ့တောင်အာရှဒေသရှိ မဲခေါင်ဒေသ ခရီးသွားလုပ်ငန်း၏ ကြိုးပမ်းဆောင်ရွက်မှုများသည် လေ့လာစရာကောင်းသည့် ဥပမာတစ်ခုဖြစ်လာသည်။ မဲခေါင်ဒေသ (Greater Mekong Subregion– GMS) တွင် မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် တရုတ် နိုင်ငံ၏ ယူနန်နှင့် ကွမ်ရှီးဒေသများ ပါဝင်သည်။

အဆိုပါဒေသများသည် သဘာဝပတ်ဝန်းကျင်၊ ယဉ်ကျေးမှုအမွေအနှစ်၊ ရိုးရာဓလေ့ထုံးစံများနှင့် လူမျိုးစုအလိုက် ထူးခြားသော အတွေ့အကြုံများကို ပိုင်ဆိုင်ထားကြသည်။ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံ ချင်းစီ၏ ခရီးသွားဆွဲဆောင်မှုများကို သီးခြား မြှင့်တင်ခြင်းထက် ဒေသတစ်ခုလုံး၏ အားသာချက် များကို ပေါင်းစပ်ဖော်ထုတ်နိုင်ပါက နိုင်ငံတကာ ခရီးသွားဈေးကွက်တွင် ပိုမိုယှဉ်ပြိုင်နိုင်မည့် အလားအလာများရှိသည်ဟုရှုမြင်လာခဲ့ကြသည်။

နယ်စပ်ဖြတ်ကျော်ခရီးသွားလုပ်ငန်း၏ အရေးပါလာမှု

၂၀၂၆ ခုနှစ် နိုဝင်ဘာလအတွင်း Travel Daily News Asia-Pacific တွင် ဖော်ပြခဲ့သည့် Mekong Tourism Coordinating Office (MTCO) ၏ အမှုဆောင်ညွှန်ကြားရေးမှူးနှင့် တွေ့ဆုံမေးမြန်းချက်တွင် မဟာမဲခေါင်ဒေသခွဲ အနာဂတ်ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ဖြတ် ကျော်ခရီးသွားလာရေးနှင့် ဒေသတွင်းပူးပေါင်း ဆောင်ရွက်ရေးတို့ကို အလေးထားဆွေးနွေးထားသည်။

၎င်း၏ဆွေးနွေးချက်များအရ ဒေသတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးတွင် အဓိကစိန်ခေါ်မှု တစ်ခုမှာ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ ဗီဇာစည်းမျဉ်းများ၊ လူဝင်မှုကြီးကြပ်ရေး လုပ်ထုံးလုပ်နည်းများနှင့် နယ်စပ်ဖြတ်သန်းခွင့်ဆိုင်ရာ သတ်မှတ်ချက် များကွဲပြားနေခြင်းဖြစ်သည်။ ခရီးသွားတစ်ဦးသည် ခရီးစဉ်တစ်ခုတည်းဖြင့် နိုင်ငံအများအပြားကို လည်ပတ်လိုသည့်အခါ နိုင်ငံတစ်နိုင်ငံချင်းစီ၏ ဝင်ထွက်ခွင့်ဆိုင်ရာလုပ်ငန်းစဉ်များကို သီးခြား ဆောင်ရွက်ရခြင်းက အချိန်ကုန်ခြင်းနှင့် ကုန်ကျစရိတ်မြင့်မားခြင်းတို့ကို ဖြစ်ပေါ်စေသည်။

 ထို့ကြောင့် ဒေသတွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ဗီဇာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ နယ်စပ်ဖြတ်ကျော်လုပ်ငန်းစဉ်များ ရိုးရှင်းလွယ်ကူမှုနှင့် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်မှုများ ပိုမိုကောင်းမွန်လာစေရေးတို့သည် အရေးပါသော အခြေခံလိုအပ်ချက်များဖြစ်လာသည်။ ဥပမာအားဖြင့် ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ကို ချိတ်ဆက်ထားသည့် ခရီးစဉ်တစ်ခုတွင် ခရီးသွားတစ်ဦးသည် နိုင်ငံတစ်နိုင်ငံ၏ သဘာဝ အလှအပ၊ အခြားနိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှု အမွေအနှစ်နှင့် နောက်ထပ်နိုင်ငံတစ်နိုင်ငံ၏ အစားအစာနှင့် လူမှုစီးပွားဘဝအတွေ့အကြုံများကို တစ်ကြိမ်တည်း ခံစားနိုင်မည်ဖြစ်သည်။ ယင်းသည် ခရီးသွားဧည့်သည်များ၏ ဒေသတွင်းနေထိုင်မှု ကာလနှင့် အသုံးစရိတ်ကို တိုးမြှင့်ပေးနိုင်သကဲ့သို့ နိုင်ငံအများအပြား၏ စီးပွားရေးလုပ်ငန်းများ အတွက်လည်း အကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။

GMS Tourism Strategy 2030 နှင့် ဒေသတွင်းခရီးစဉ်ဒေသများဖွံ့ဖြိုးရေး

မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်း၏ ရေရှည်ဖွံ့ဖြိုးရေးအတွက် GMS Tourism Strategy 2030 ကို အဓိကမူဘောင်တစ်ခုအဖြစ် ချမှတ်ထားသည်။ အဆိုပါမဟာဗျူဟာတွင် ရေရှည်တည်တံ့သော ခရီးစဉ်ဒေသများဖော်ဆောင်ရေး၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေး၊ သက်ဆိုင်သူများအကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းရေးနှင့် ခရီးစဉ် ဒေသဈေးကွက်မြှင့်တင်ရေးဟူသည့် ဦးတည်ချက်လေးရပ်ကို အလေးထားဖော်ပြသည်။

ထို့အပြင် ၂၀၂၆-၂၀၃၀ ကာလအတွက် GMS Tourism Marketing Action Plan ကို ရေးဆွဲထား ပြီး ဒေသတွင်းဦးစားပေးခရီးစဉ်ဒေသ ၂၄ ခုကို ရွေးချယ်ကာ ပူးပေါင်းဈေးကွက်မြှင့်တင်ရေး လုပ်ငန်းများဆောင်ရွက်ရန် စီစဉ်ထားသည်။ ဤနေရာတွင်စိတ်ဝင်စားဖွယ်ကောင်းသည့် အချက်တစ်ခုမှာ ခရီးသွားဆွဲဆောင်မှုရှိခြင်းတစ်ခုတည်းကိုအခြေခံ၍ ဦးစားပေးခရီးစဉ်ဒေသအဖြစ် ရွေးချယ်ခြင်းမဟုတ်ဘဲ လမ်းပန်းဆက်သွယ်ရေး၊ အခြေခံအဆောက်အအုံ၊ ပုဂ္ဂလိကကဏ္ဍ၏ ပါဝင်နိုင်မှုနှင့်ဒေသခံလူထု၏ ဧည့်သည်လက်ခံနိုင်စွမ်းတို့ကိုပါ ထည့်သွင်းစဉ်းစားထားခြင်းဖြစ်သည်။

ယင်းအချက်သည် ခရီးသွားလုပ်ငန်းစီမံကိန်းများရေးဆွဲရာတွင် အရေးကြီးသော သင်ခန်းစာတစ်ခုဖြစ်သည်။ ခရီးစဉ်ဒေသတစ်ခုတွင် သဘာဝအလှအပနှင့် ယဉ်ကျေးမှုအရင်းအမြစ်များ ပေါကြွယ်ဝနေသော်လည်း လက်တွေ့ဧည့်သည် လက်ခံနိုင်မည့် အခြေအနေမရှိပါက ခရီးသွားလုပ်ငန်း၏ အကျိုးကျေးဇူးများကို အပြည့်အဝ ရရှိနိုင်မည်မဟုတ်ပေ။

ပုဂ္ဂလိကကဏ္ဍနှင့် ဒေသခံလူထု၏ အခန်းကဏ္ဍ

ဒေသတွင်းခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးတွင် အစိုးရအဖွဲ့အစည်းများ၏ မူဝါဒနှင့် စီမံကိန်းများသည် အရေးပါသကဲ့သို့ ပုဂ္ဂလိကကဏ္ဍ၏ ပါဝင်ဆောင်ရွက်မှုသည်လည်း မရှိမဖြစ် လိုအပ်ပါသည်။ အထူးသဖြင့် Destination Management Companies (DMCs) များသည် ဒေသတစ်ခုအတွင်းရှိ သယ်ယူပို့ဆောင်ရေး၊ တည်းခို နေထိုင်ရေး၊ ဒေသခံအတွေ့အကြုံနှင့် ခရီးသွားဝန်ဆောင်မှုများကိုပေါင်းစပ်ကာ ခရီးသွားများ အမှန်တကယ်ဝယ်ယူနိုင်သည့် ခရီးစဉ်များအဖြစ် ဖန်တီးပေးကြသည်။

အစိုးရအဖွဲ့အစည်းများက ဒေသတွင်းခရီးသွား လုပ်ငန်းမူဝါဒ၊ ခရီးစဉ်ဒေသမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မူဘောင်များကို ဖော်ဆောင်ပေးပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များက ဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီသော ခရီးစဉ် များကို ဖန်တီးရောင်းချခြင်းဖြင့် အပြန်အလှန် ဖြည့်ဆည်းပေးနိုင်သည်။ ထို့အပြင် ခရီးသွားလုပ်ငန်း၏ အကျိုးကျေးဇူးများကို ဒေသခံလူထုထံ သို့ ပိုမိုရောက်ရှိစေရန်လည်း လိုအပ်သည်။ ဒေသခံ အမျိုးသမီးများ၊ လူငယ်များနှင့် အသေးစားစီးပွား ရေးလုပ်ငန်းရှင်များကို ဒီဂျစ်တယ်နည်းပညာ အသုံးပြုမှု၊ Social Media Marketing ၊ Online Business Development နှင့် Homestay Management ဆိုင်ရာ သင်တန်းများ ပေးအပ်ခြင်းသည် ယင်းရည်ရွယ်ချက်ကို အထောက်အကူ ပြုနိုင်သည်။

အမှန်တကယ်အားဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဆိုသည်မှာ ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာစေရန်သာမက ဒေသခံများအနေဖြင့်လည်း ခရီးသွားလုပ်ငန်း၏ တန်ဖိုးကွင်းဆက် အတွင်းပါဝင်နိုင်ပြီး ဝင်ငွေနှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိလာစေရန် ဖြစ်သင့်ပါသည်။

မြန်မာနိုင်ငံအတွက် အခွင့်အလမ်းနှင့်စိန်ခေါ်မှုများ

မဟာမဲခေါင်ဒေသခွဲနိုင်ငံများတွင် ပါဝင်နေသည့် မြန်မာနိုင်ငံသည် ပထဝီဝင်အနေအထားအရ အရှေ့တောင်အာရှနှင့် တရုတ်နိုင်ငံတို့အကြား ဆက်သွယ်ပေးနိုင်သည့် အရေးပါသောနေရာတစ်ခုတွင် တည်ရှိသည်။ ထို့အပြင် သဘာဝအလှအပ၊ ယဉ်ကျေးမှုအမွေအနှစ်၊ လူမျိုးစုဓလေ့ထုံးစံနှင့် သဘာဝအခြေပြုခရီးသွားလုပ်ငန်းအတွက် အလား အလာကောင်းများစွာ ပိုင်ဆိုင်ထားသည်။

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်သော နိုင်ငံများနှင့်လည်း နယ်နိမိတ်ချင်းထိစပ်နေပြီး လွယ်လင့်တကူဆက်သွယ်သွားလာနိုင်သည့် အခြေအနေကောင်းများ ရှိနေပါသည်။ သို့သော် အလား အလာရှိခြင်းနှင့် လက်တွေ့ဖွံ့ဖြိုးတိုးတက်နိုင်ခြင်း တို့သည် မတူညီပေ။ ခရီးစဉ်ဒေသများ၏ လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လေကြောင်းဝန်ဆောင်မှု၊ ဟိုတယ်နှင့် ခရီးသွားဝန်ဆောင်မှုများ၏ အရည်အသွေး၊ ဒေသခံလူထု၏ပါဝင်နိုင်မှုတို့ကို ထည့်သွင်း စဉ်းစားရန် လိုအပ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ခရီးသွားလုပ်ငန်းဖော်ဆောင်ရန် အလားအလာရှိသော ဒေသအားလုံးကို တစ်ပြိုင်နက်တည်း မြှင့်တင်ရန် ကြိုးပမ်းခြင်းထက် လက်တွေ့အကောင်အထည် ဖော်နိုင်သည့် ခရီးစဉ်ဒေသများကို ဦးစားပေးရွေးချယ်၍ Pilot Destination အဖြစ် စတင်ဖော်ဆောင်သင့်သည်။ အလားတူ ဒေသတွင်းခရီးသွားလုပ်ငန်းနှင့် ယှဉ်ပြိုင်နိုင်ရန် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများမှဝန်ထမ်းများ၏ကျွမ်းကျင်မှု၊ ဝန်ဆောင်မှုအရည် အသွေးနှင့် နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီမှုတို့ကိုလည်း မြှင့်တင်ရန်လိုအပ်သည်။

ရှေ့ဆက်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များ

မဲခေါင်ဒေသခရီးသွားလုပ်ငန်း၏ အတွေ့အကြုံများကိုလေ့လာ၍ မြန်မာနိုင်ငံအတွက် လက်တွေ့ကျသော လုပ်ငန်းဦးစားပေးများကို သတ်မှတ်မည်ဆိုပါက အောက်ပါအချက်များကို အလေးထားဆောင်ရွက်သင့်သည် -

ပထမအနေဖြင့် မဲခေါင်ဒေသအဖွဲ့ဝင်နိုင်ငံများနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာစေရန် လိုအပ်သည်။ ဒုတိယအနေဖြင့် လက်တွေ့အဆင်ပြေသော နယ်စပ်ဖြတ်ကျော် ခရီးစဉ်များကို သက်ဆိုင်ရာနိုင်ငံများနှင့် ညှိနှိုင်း ဖော်ဆောင်သင့်သည်။ တတိယအနေဖြင့် ခရီးစဉ်ဒေသများ၏ အဆင်သင့်ဖြစ်မှုကိုအခြေခံ၍ ဦးစား ပေးဖွံ့ဖြိုးရေးအစီအစဉ်များ ချမှတ်သင့်သည်။

စတုတ္ထအနေဖြင့် ခရီးသွားလုပ်ငန်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက်ရန်လိုအပ်သည်။ ပဉ္စမအနေဖြင့် ဒေသခံလူထု၊ MSMEs ၊ အမျိုးသမီးများနှင့် လူငယ်များကို ခရီးသွားလုပ်ငန်း၏ တန်ဖိုးကွင်းဆက်အတွင်း ပိုမို ပါဝင်လာစေရန် ပံ့ပိုးပေးသင့်သည်။ နောက်ဆုံးအနေ ဖြင့် ဒီဂျစ်တယ်နည်းပညာကိုအသုံးချ၍ ဒေသတွင်း ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးလုပ်ငန်း များတွင် တက်ကြွစွာပါဝင်သင့်သည်။ ဤလုပ်ငန်းစဉ်များ အောင်မြင်ရန်အတွက် အစိုးရဌာနများ၊ ပုဂ္ဂလိကခရီးသွားလုပ်ငန်းရှင်များ၊ ဒေသခံလူထုနှင့် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများအကြား တာဝန် ခွဲဝေမှုရှင်းလင်းပြီး အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုရှိရန်လည်း လိုအပ်ပါသည်။

မဲခေါင်ဒေသခရီးသွားလုပ်ငန်း၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာကြည့်ပါက ခရီးသွားလုပ်ငန်းသည် နိုင်ငံတစ်နိုင်ငံချင်းစီ၏ နယ်နိမိတ်အတွင်း၌သာ ကန့်သတ်စဉ်းစား၍မရတော့ဘဲ ဒေသတွင်းနိုင်ငံများအကြား ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုအပေါ် ပိုမိုမူတည်လာသည်ကို တွေ့ရှိရသည်။ ခရီးသွားဧည့်သည်များအတွက် ခရီးစဉ် တစ်ခုတည်းဖြင့် နိုင်ငံအများအပြား၏ အတွေ့အကြုံများကို ခံစားနိုင်စေရန် ဖန်တီးပေးခြင်း၊ ဒေသခံလူထု၏ စီးပွားရေးအခွင့်အလမ်းများ တိုးတက်စေခြင်း၊ သဘာဝနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ရေရှည်ထိန်းသိမ်းခြင်းတို့သည် ဒေသတွင်းခရီးသွား လုပ်ငန်း၏ အဓိကဦးတည်ချက်များ ဖြစ်လာမည် ဖြစ်သည်။

 မြန်မာနိုင်ငံအနေဖြင့်လည်း မဲခေါင်ဒေသ၏ အရေးပါသော အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် မိမိ၏ သဘာဝနှင့်ယဉ်ကျေးမှုဆိုင်ရာ အားသာချက်များကို ဖော်ထုတ်ပြီး ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် အခွင့်အလမ်းများကို ဆုပ်ကိုင်ရယူသင့်သည်။

နိဂုံးချုပ်အနေဖြင့် ခရီးသွားလုပ်ငန်း၏ အောင်မြင်မှုသည် မိမိနိုင်ငံအတွင်းသို့ ခရီးသွား ဧည့်သည်မည်မျှဝင်ရောက်လာသည်ဆိုသည့် အရေအတွက်တစ်ခုတည်းဖြင့် တိုင်းတာ၍မရတော့ပေ။ မိမိနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအကြား မည်မျှကောင်းမွန်စွာ ချိတ်ဆက်ပေးနိုင်သည်၊ ဒေသခံလူထု အတွက် မည်မျှအကျိုးဖြစ်ထွန်းစေသည်နှင့် သဘာဝယဉ်ကျေးမှုအမွေအနှစ်များကို မည်မျှရေရှည် တည်တံ့စွာ ထိန်းသိမ်းနိုင်သည်ဆိုသည့် အချက်များကလည်း အနာဂတ်ခရီးသွားလုပ်ငန်း၏ အောင်မြင်မှုကို ဆုံးဖြတ်ပေးမည်ဖြစ်ပါသည်။ ။

မူရင်းသတင်း — Myanmar Digital News