
နေပြည်တော် နိုဝင်ဘာ ၂၆
နောင်ချိုမြို့နယ်၌ ငွေကျပ် သိန်း ၁၅၀ တန်ဖိုးနှင့် တာချီလိတ်မြို့၌ ငွေကျပ် ၁ ဒသမ ၀၀၃၉ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ သိမ်းဆည်းရမိပြီး ဖမ်းဆီးရမိသူများကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၄ ရက် ည ၇ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ နောင်ချိုမြို့နယ် ပါဟတ်ရပ်ကွက်အနီးတွင် နောင်ချိုမြို့ ဘူတာရပ်ကွက် နယ်မြေ (၁၂) နေ စိုင်းစွမ်ခေး (၂၇) နှစ် မောင်းနှင်လာသော CANDA CZI အမျိုးအစား ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွဆေးပြား ၃၀၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၁၅၀) သိမ်းဆည်းရမိပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ နိုဝင်ဘာ ၂၅ ရက် နံနက် ၉ နာရီတွင် သိမ်းဆည်းရမိ စိတ်ကြွဆေးပြားများ ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူ မရွှေကြည် (ခ) နန်းလောင် (၄၈) နှစ်ကို နောင်ချိုမြို့နယ် တဲတိုက်ကျေးရွာရှိ နေအိမ်တွင် ထပ်မံဖမ်းဆီးရမိသဖြင့် စိုင်းစွမ်ခေးနှင့် မရွှေကြည် (ခ) နန်းလောင်တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထား ကြောင်း သိရသည်။
အလားတူ နိုဝင်ဘာ ၂၅ ရက် နံနက် ၁၀ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက်ရှိ ကျလား (၂၈) နှစ်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူနေသူ စိုးလာမူ (၃၀) နှစ်တို့ကို တွေ့ရှိရပြီး နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အိုက်စ် (မက်သ်အဖက်တမင်း) ၃၃ ကီလို (တစ်ကီလိုလျှင်ငွေကျပ် ၈၅ သိန်း နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၂၈၀၅ သိန်း)၊ HAPPY WATER ၅ ဒသမ ၂ ကီလို (တစ်ကီလိုလျှင် ငွေကျပ်သိန်း ၈၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် သိန်း ၄၁၆၀)၊ ကက်တမင်းအဆီ တစ်လီတာ (တစ်လီတာလျှင် ငွေကျပ် သိန်း ၃၀၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် သိန်း ၃၀၀၀)၊ အက်တက်စီဆေးပြား ၁၀၀ (တစ်ပြားလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၃၀)၊ ကက်တမင်း သုည ဒသမ ၃ ကီလို (တစ်ကီလိုလျှင် ငွေကျပ်သိန်း ၁၂၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၃၆ သိန်း)၊ စိတ်ကြွဆေးပြား၂၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၄၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ရှစ်သိန်း) တို့ကို သိမ်းဆည်းရမိသဖြင့် ကျလားနှင့် စိုးလာမူတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်