Myanmar Digital News

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် အလုပ်သမားဆေးရုံကြီး(မန္တလေး)၌ လူနာပြသသည့်အကြိမ်ရေ ၁၃၃၉၈၁ ကြိမ်အတွက် ဆေးကုသမှုဆောင်ရွက်ပေးနိုင်ခဲ့

မန္တလေး နိုဝင်ဘာ ၂၆

 

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် အလုပ်သမားဆေးရုံကြီး(မန္တလေး)၌ လူနာပြသသည့်အကြိမ်ရေ ၁၃၃၉၈၁ ကြိမ်အတွက် ဆေးကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးဖိုးတင်ပြတောင်းခံသည့် အကြိမ်ရေ ၃၈၄၃ ကြိမ်အတွက် ငွေကျပ် ၁၁၃၇ ဒသမ ၀၈၃ သန်းနှင့် ၂၀၂၆ ခုနှစ် ဧပြီလမှ အောက်တိုဘာလအထိ လူနာပြသသည့် အကြိမ်ရေ ၉၉၃၀၁ ကြိမ်နှင့် ဆေးဖိုးတင်ပြတောင်းခံသည့် အကြိမ်ရေ ၁၁၈၀ အတွက် ငွေကျပ် ၃၇၇ ဒသမ ၉၉၂ သန်းပေးအပ်ခဲ့ပြီး ဖြစ်သည်။

 

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်နှင့် တာဝန်ရှိသူများသည် ယနေ့တွင် အောင်မြေသာစံမြို့နယ် အလုပ်သမားဆေးရုံကြီး(မန္တလေး)သို့ သွားရောက်၍ အဆိုပါဆေးရုံကြီး အစည်းအဝေးခန်းမ၌ မန္တလေးတိုင်းဒေသကြီးဦးစီးဌာန အဖွဲ့ရုံးများမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လူမှုဖူလုံရေးအဖွဲ့သည် အာမခံအလုပ်သမားများ အားကိုးအားထားပြုရသည့် အဖွဲ့အစည်းတစ်ခုဖြစ်စေရေး အလုပ်ရှင်၊ အလုပ်သမားများ၏ အဓိကလိုအပ်ချက်ဖြစ်သော ကောင်းမွန်သည့် ဆေးကုသမှုဝန်ဆောင်မှုများ ပေးအပ်နိုင်ရန်အတွက် လိုအပ်သည့်ဆေးဝါးများ ပြတ်လပ်မှုမရှိစေရေး၊ ဆေးဝါးများ အလေအလွင့်မရှိစေရေး အစဉ်တစိုက် ဆောင်ရွက်ကြရန် မှာကြားသည်။

 

ဆက်လက်၍ ဆေးရုံကြီးအတွင်း ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိမှု၊ ဆေးဝါးသိုလှောင်ရုံနှင့် ဆေးပစ္စည်းကိရိယာများ ထိန်းသိမ်းထားရှိမှု အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဆေးရုံတက်ရောက်ကုသမှု ခံယူနေကြသည့် အာမခံ အလုပ်သမားလူနာများနှင့် ကျောက်ကပ်သွေးသန့်စင်ဌာနတွင် ကျောက်ကပ်သွေးသန့်စင်နေသည့် လူနာများအားရင်းရင်းနှီးနှီး တွေ့ဆုံအားပေး၍ အလှူငွေများ ထောက်ပံ့ပေးအပ်လှူဒါန်းသည်။

 

ထို့ပြင်မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် ပန်ဒါချည်မျှင်အထည်နှင့် အချောကိုင်စက်ရုံ (ပလိပ်)သို့ သွားရောက်၍ စက်ရုံ၏ တာဝန်ရှိသူများ၊ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေး ကော်မတီဝင်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီဝင်များ၊ အလုပ်သမားများနှင့်တွေ့ဆုံကာ လူမှုဖူလုံရေးစနစ် အကျုံးဝင်အာမခံ အလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အကျိုးခံစားခွင့်ဆိုင်ရာ လူမှုဖူလုံရေးအဖွဲ့မှ တိုးမြှင့် ဆောင်ရွက်ပေးမည့် ကိစ္စရပ်များ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာများ၊ အငြင်းပွားမှု ညှိနှိုင်းဖြေရှင်းရေးဆိုင်ရာ ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေး၍ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ ကုန်ကြမ်း(ဝါဂွမ်း)များကို ဝါဖန်ခြင်း၊ ဗိုင်းတောင့်ပြုလုပ်ခြင်း၊ ချည်ငင်ပြုလုပ်ခြင်း၊ ချားဆွဲခြင်း၊ ဘေထုပ်(ကြီး/သေး) ထုတ်လုပ်ခြင်း ပြုလုပ်မှုလုပ်ငန်းစဉ်အဆင့်များဖြင့် ချည်မျှင်အထည်နှင့် ပန်းရိုက်ပိတ်များထုတ်လုပ်သည့် စက်ရုံလုပ်ငန်းခွင်အတွင်း အလုပ်သမားများ အေးချမ်းစွာဖြင့် လုပ်ကိုင် ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှု အားပေးသည်။

 

ထို့ပြင် အဆိုပါစက်ရုံရှိ အာမခံအလုပ်သမားများ လုပ်ငန်းခွင်မပျက် စွမ်းအားပြည့်ဆောင်ရွက်နိုင်စေရန် လူမှုဖူလုံရေးအဖွဲ့ပိုင် ရွေ့လျားဆေးကုသယာဉ်ဖြင့် စက်ရုံအရောက် ကွင်းဆင်း ဆေးကုသပေးနေမှုများကို ကြည့်ရှုအားပေးသည်။

 

ယင်းနောက် အောင်မြေသာစံမြို့နယ် ရုံးဝင်းအတွင်း၌ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (တိုင်းဒေသကြီးရုံး) နှစ်ထပ်အဆောက်အအုံ ဆောက်လုပ်မည့် မြေနေရာနှင့် ချမ်းမြသာစည်မြို့နယ် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန (တိုင်းဒေသကြီး)ရုံး ပြန်လည်တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆောက်အအုံအား အရည်အသွေးပြည့်မီစွာဖြင့် တည်ဆောက်နိုင်ရေးနှင့် အချိန်မီပြီးစီးဆောင်ရွက်နိုင်ရေး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News