Myanmar Digital News

မြစ်ကြီးနားမြို့၌ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ် မသန်စွမ်းအားကစားပြိုင်ပွဲများကျင်းပ

မြစ်ကြီးနား  နိုဝင်ဘာ  ၂၆

အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနား မျက်မမြင်ကျောင်း အပါအဝင် ဗန်းမော်၊ ဝိုင်းမော်မြို့နယ်များမှ မသန်စွမ်းအားကစားသမားများပါဝင်သည့် မသန်စွမ်းအားကစားပြိုင်ပွဲများ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်း ကျင်းပသည်။

ဖွင့်ပွဲတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဂုဏ်ပြုအမှာစကားပြောကြားပြီး ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများနှင့်အတူ စစ်တုရင်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ (၁၀၀)အပြေးပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး သံလုံးပစ်၊ သံပြားပစ်ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ   ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့က ပြိုင်ပွဲအားကစားနည်းအလိုက် ပထမ၊  ဒုတိယနှင့် တတိယဆုရသူများကို တစ်ဦးချင်း  လည်ဆွဲဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

ဆုချီးမြှင့်ပွဲအပြီးတွင် မြစ်ကြီးနားမြို့နယ် စုပေါင်းရုံးအတွင်းရှိ မနောရွှေပြည်ခန်းမ၌ မြစ်ကြီးနားမြို့၌ ယာယီနေရပ် စွန့်ခွာနေထိုင်လျက်ရှိသော စခန်းသုံးခုမှ  အိမ်ထောင်စု ၂၅၅ စုတို့အတွက် ငွေကျပ် ၁၇၈၅၀၀၀၀ တန်ဖိုးရှိ  ဆန် ၁၂ ပြည်ပါ အိတ် ၂၅၅ အိတ်ကို ထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍   ပြည်နယ်အစိုးရအဖွဲ့ရုံး  မလိခခန်းမ၌ ကျင်းပသည့် (၇၉)နှစ်မြောက်  ကချင်ပြည်နယ်နေ့ အခမ်းအနားနှင့် မနောပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာ စကားပြောကြားပြီး တက်ရောက်လာကြသူများက ဆပ်ကော်မတီအလိုက် ပြင်ဆင်ဆောင်ရွက်သွားမည့် အစီအမံများ၊ ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းနိုင်ရေးနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနား၊ ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများ  ကျင်းပနိုင်ရေးတို့နှင့်စပ်လျဉ်း၍ တင်ပြမှုများအပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News