NP News

နျူကလီးယားလက်နက်တွေပိုမိုထုတ်လုပ်ဖို့ မြောက်ကိုရီးယား ကတိပြု

Pika (NP News) - နိုဝင်ဘာ ၂၇

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းဟာ နျူကလီးယားလက်နက်ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ပစ္စည်းတွေထုတ်လုပ်တဲ့စက်ရုံတွေကိုသွားရောက်ကြည့်ရှုခဲ့ပြီး နျူကလီးယားလက်နက်တွေ ပိုမိုထုတ်လုပ်ဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

မကြာသေးခင်က သွားရောက်ခဲ့တဲ့ အာရှခရီးစဉ်အတွင်း တွေ့ဆုံကြဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ ကမ်းလှမ်းချက်ကို လျစ်လျူရှုခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ကင်ဂျုံအန်းရဲ့တိုက်တွန်းချက်တွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။
ကင်ဂျုံအန်းဟာ ၎င်းရဲ့အာဏာရှင်စနစ်ကို အဓိကကျော‌ထောက်နောက်ခံပြုထားတဲ့ နျူကလီးယားလက်နက်အင်အားကို ပြသလိုပုံပေါ်နေပြီး နျူကလီးယားအစီအစဉ်ဖျက်သိမ်းရေးနဲ့ပတ်သက်တဲ့ ဘယ်လိုဆွေးနွေးမှုတွေကိုမဆို လက်မခံဘူးဆိုတာကို ထပ်မံအတည်ပြုလိုနေတာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေကပြောကြားထားကြပါတယ်။

ကင်ဂျုံအန်းဟာ နျူကလီးယားပစ္စည်းထုတ်လုပ်တဲ့ စက်ရုံ(၂)ရုံကို သွားရောက်လည်ပတ်ခဲ့ပြီး တစ်ရုံကအသစ်ဖွင့်လှစ်ထားတာဖြစ်ကာ နောက်ထပ်တစ်ရုံက တိုးချဲ့တည်ဆောက်နေဆဲဖြစ်တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းအေဂျင်စီ KCNA က ရေးသားဖော်ပြထားပါတယ်။
KCNA က တင်ထားတဲ့ဓါတ်ပုံတွေမှာ ကင်ဂျုံအန်းနဲ့စစ်ဘက်ဆိုင်ရာအရာရှိကြီးတွေဟာ လက်နက်ထုတ်လုပ်နိုင်တဲ့အဆင့်ရှိ ယူရေနီယမ်တွေထုတ်လုပ်ရာမှာ အသုံးပြုတဲ့စက်ကိရိယာတွေလို့ယူဆရတဲ့ စက်တွေ တန်းစီထားတဲ့နေရာတစ်လျှောက် လမ်းလျှောက်သွားနေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

ဒါ့ပြင် နျူကလီးယားထိပ်ဖူးတွေလို့ယူဆရတဲ့ပစ္စည်းတွေပြသထားတဲ့ခန်းမတွေကိုလည်း ကင်ဂျုံအန်းနဲ့စစ်ဘက်ဆိုင်ရာအရာရှိကြီးတွေက လှည့်ပတ်ကြည့်ရှုခဲ့ကြတယ်လို့ KCNA က ရေးသားဖော်ပြခဲ့ပါတယ်။
ကင်ဂျုံအန်းဟာ နျူကလီးယားစွမ်းအင်သုံးပစ္စည်းကိရိယာတွေ ထုတ်လုပ်တဲ့နေရာတစ်ခုနဲ့ နျူကလီးယားသုတေသနဌာနတစ်ခုကို ပြီးခဲ့တဲ့နိုဝင်ဘာလ(၂၅)ရက်နေ့က သွားရောက်လည်ပတ်ကြည့်ရှုခဲ့တယ်လို့လည်း KCNA က ရေးသားဖော်ပြခဲ့ပါတယ်။

မူရင်းသတင်း — NP News