NP News

ကမ်းရိုးတန်းလေ့ကျင့်မှုတွေမှာ တရုတ်(တိုင်ပေ)ကျွန်းအပေါ်ဆင်းသက်တဲ့နည်းဗျူဟာအသစ်တွေကို တရုတ်စစ်တပ် စမ်းသပ်နေ

Pika (NP News) - နိုဝင်ဘာ ၂၇

တရုတ်(တိုင်ပေ)ကျွန်းနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ပြည်နယ်တစ်ခုမှာ သီတင်းပတ်များစွာကြာမြင့်မယ့် ရေပေါ်နဲ့ကုန်းပေါ်ဆင်းသက်စစ်ရေးလေ့ကျင့်မှုတစ်ခုကို တရုတ်စစ်တပ်က လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
စစ်ရေးလေ့ကျင့်ခန်းအတွင်း အရပ်ဘက်သုံးသင်္ဘောတွေကို ဆက်စပ်ချိတ်ဆက်ပြီး ယာယီရေပေါ်တံတားတစ်စင်းဖန်တီးပြီးတော့ တပ်ဖွဲ့ဝင်တွေကို ကမ်းပေါ်ကိုပို့ဆောင်တဲ့နည်းလမ်းသစ်တစ်ခုကို စမ်းသပ်နေတာကိုလည်း ဂြိုလ်တုဓါတ်ပုံတွေနဲ့သုတေသနအစီရင်ခံစာတစ်ခုအရ သိရပါတယ်။

တရုတ်အစိုးရက တရုတ်(တိုင်ပေ)ကျွန်းကို ၎င်းရဲ့ပိုင်နက်နယ်မြေအဖြစ် အခိုင်အမာရှုမြင်ထားပေမယ့်လည်း တရုတ်(တိုင်ပေ)အစိုးရကတော့ တရုတ်အစိုးရရဲ့ပြောဆိုချက်တွေကို အကြိမ်ကြိမ်ငြင်းဆန်ပယ်ချထားတယ်လို့သိရပါတယ်။
ဒါ့ပြင် တရုတ်(တိုင်ပေ)ကျွန်းနဲ့ ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းဖို့အတွက် လိုအပ်လာမယ်ဆိုရင် အင်အားသုံးဖြေရှင်းသွားမယ်လို့လည်း တရုတ်သမ္မတရှီကျင့်ဖျင်က အကြိမ်ကြိမ် ကတိပြုပြောဆိုခဲ့ပါတယ်။

တရုတ်စစ်တပ်က အဲဒီစစ်ရေးလေ့ကျင့်မှုကို တရုတ်နိုင်ငံအရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ်မှာရှိတဲ့ Dacheng ပင်လယ်အော်မှာ ပြီးခဲ့တဲ့နိုဝင်ဘာလ(၁)ရက်က စတင်လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဂြိုလ်တုဓါတ်ပုံတွေနဲ့ ပထဝီဆိုင်ရာအချက်အလက်ကုမ္ပဏီ ingeniSPACEရဲ့ အချက်အလက်တွေအရသိရပါတယ်။
ပထဝီဆိုင်ရာအချက်အလက်ကုမ္ပဏီ ingeniSPACE ရဲ့အမှုဆောင်အရာရှိချုပ်ဂျေဆွန်ဝမ်က "တရုတ်(တိုင်ပေ) ကျွန်းကို ကျူးကျော်ဝင်ရောက်မယ့်အခြေအနေတွေမှာ ပါဝင်လာနိုင်တဲ့တပ်ဖွဲ့တွေအတွက် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာအကူအညီတွေပေးအပ်ရာမှာ ရန်သူတွေ သတိမထားမိစေနိုင်မယ့်နည်းလမ်းတွေကို တရုတ်စစ်တပ်က လေ့ကျင့်နေပုံပေါ်ပါတယ်။ အရပ်ဘက်သုံးသင်္ဘောတွေကိုအသုံးပြုပြီး ရေနက်ပိုင်းကနေ စစ်လက်နက်ပစ္စည်းကြီးတွေနဲ့ထောက်ပံ့ရေးပစ္စည်းတွေ ကမ်းပေါ်ကိုသယ်ဆောင်နိုင်ဖို့အတွက် တံတားလိုမျိုး ဖန်တီးတဲ့လေ့ကျင့်ခန်းတွေ လုပ်ဆောင်နေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်” လို့ ပြောခဲ့ပါတယ်။

မူရင်းသတင်း — NP News