Myanmar National Post

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း အမှတ်(၄)တပ်မတော်တန်းမြင့် လေ့ကျင့်ရေး ကျောင်း၌ ကျင်းပပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၈) သင်တန်းဆင်းပွဲ အခမ်းအနား တက်ရောက်


မော်လမြိုင် ၊  နိုဝင်ဘာ ၂၇

မွန်ပြည်နယ် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၈) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာ အမှတ်(၄)တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊မွန်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမှတ်(၄)တပ်မတော်တန်းမြင့်လေ့ကျင့်ရေး ကျောင်းမှ အရာရှိအရာခံများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်ရောက်သည်။

ရှေးဦးစွာ အမှတ် (၄) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း ၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ထွန်းနိုင်ဦးမှ သင်တန်းသားများ၏အလေးပြုခြင်းကိုခံယူ၍ သင်တန်းဆင်းတပ်ဖွဲ့အား လှည့်လည်စစ်ဆေးခြင်း ပြုလုပ်ပြီး သင်တန်းတွင်ထူးချွန်ဆုရရှိသည့် သင်တန်းသားများအား ဆုများ ပေးအပ်ခဲ့ကာ သင်တန်းသားများမှ ကတိသစ္စာခံယူကြပြီး ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ထွန်းနိုင်ဦးမှ သင်တန်းဆင်းမိန့်ခွန်း ပြောကြားသည်။

ဆက်လက်၍ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၈) သင်တန်းဆင်းသင်တန်းသားများက တန်းစိတ်ပုံစံ၊ စစ်ကြောင်းပုံစံဖြင့် ကျောင်းအုပ်ကြီး အားချီတက်အလေးပြုကာ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းဆင်း သင်တန်းသားများကို ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေး ခဲ့ကြောင်းသိရသည်။

https://t.me/MyanmarNationalPost

မူရင်းသတင်း — Myanmar National Post