Myanmar Transparency News

ပုံမှန်မဟုတ်ဘဲ ချမ်းသာကြွယ်၀လာသည့် ထိုင်းကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဟောင်းထံမှ တန်ဖိုး ဘတ် ၂၉၆ သန်းတန်ဖိုးရှိ ပိုင်ဆိုင်မှုများ သိမ်းဆည်းရန် ထိုင်းတရားလွှတ်တော်ချုပ် အမိန့်ချ

သက်တံ့

၂၇. ၁၁. ၂၀၂၆

ထိုင်းနိုင်ငံတွင် ၁၂ နှစ်ကျော်ကြာ စစ်ဆေးခဲ့ရသည့် ပုံမှန်မဟုတ်ဘဲ ချမ်းသာကြွယ်ဝလာသော အမှုကို အပြီးသတ် အဆုံးသတ်သည့်အနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဟောင်း ဗိုလ်ချုပ်ကြီး ဆာသီယန် ဖုမ်းထောင်အင် (Gen Sathian Phoemthong-in) ထံမှ တန်ဖိုး ဘတ် ၂၉၆ ဒသမ ၃ သန်းရှိ ပိုင်ဆိုင်မှုပစ္စည်း ၅၁ ခုကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းရန် ထိုင်းတရားလွှတ်တော်ချုပ်က အမိန့်ချမှတ်လိုက်သည်။

အဆိုပါ အမှုကို စီရင်ချက်ချမှတ်ပြီးနောက် တစ်နှစ်နီးပါးအကြာ ယခု နိုဝင်ဘာလ ၂၆ ရက်နေ့တွင်မှ အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (NACC) က အမှုရလဒ်ကို ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။ တရားလွှတ်တော်ချုပ်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့တွင် အမှုကို အပြီးသတ် ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါစီရင်ချက်မှာ အတည်ဖြစ်ကြောင်း ကော်မရှင် အထွေထွေအတွင်းရေးမှူး နီတီဖန် ပရာချွတ်မို (Nitiphan Prachuabmoh) က ပြောကြားခဲ့သည်။

သို့သော် စီရင်ချက်ချပြီး တစ်နှစ်နီးပါးကြာမှ ထုတ်ပြန်ရသည့် အကြောင်းရင်းကိုမူ ကော်မရှင်က ရှင်းလင်းပြောကြားခြင်း မရှိပေ။

ဗိုလ်ချုပ်ကြီး ဆာသီယန်သည် ကာကွယ်ရေးဝန်ကြီးဌာန၏ အမြင့်ဆုံး အရပ်ဘက်ဝန်ထမ်းရာထူးဖြစ်သည့် အမြဲတမ်းအတွင်းဝန်ရာထူးကို စတင်တာဝန်ယူစဉ် တင်သွင်းခဲ့သည့် ပိုင်ဆိုင်မှုနှင့် ပေးရန်တာဝန် စာရင်းရှင်းတမ်းမှတစ်ဆင့် ယခုအမှု စတင်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ ကော်မရှင်နာမင်းကြီးများက ၁၉၉၉ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အခြေခံဥပဒေ ပုဒ်မ ၇၇ အရ ဗိုလ်ချုပ်ကြီး ဆာသီယန်သည် ပုံမှန်မဟုတ်ဘဲ ချမ်းသာကြွယ်ဝနေသည်ဟု သံသယဖြစ်ဖွယ် အထောက်အထားများ တွေ့ရှိခဲ့သဖြင့် စုံစမ်းစစ်ဆေးရန် ဆပ်ကော်မတီတစ်ရပ်ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။

စုံစမ်းစစ်ဆေးရေးမှူးများသည် ဗိုလ်ချုပ်ကြီး ဆာသီယန်၊ ၎င်း၏ ဇနီး၊ သားသမီးများနှင့် ၎င်းနှင့် ဆက်နွှယ်သူများ ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများကို ထိန်းချုပ်တားမြစ် (Freeze) ခဲ့သည်။ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ၎င်း၏ ချမ်းသာကြွယ်ဝမှုသည် ဘတ်ငွေ ၂၉၆,၃၂၃,၉၁၁ ဒသမ ၀၇ အထိ ပုံမှန်မဟုတ်ဘဲ တိုးပွားလာခဲ့ကြောင်း ကော်မရှင်က ဆုံးဖြတ်ခဲ့သည်။ ထို့ပြင် အဆိုပါငွေကြေးအချို့ကို ပြန်လည်သိမ်းဆည်း၍ မရနိုင်အောင် လွှဲပြောင်းခြင်း၊ ရွှေ့ပြောင်းခြင်း၊ အသွင်ပြောင်းလဲခြင်း သို့မဟုတ် ဖုံးကွယ်ခြင်းများ ပြုလုပ်ထားသည်ကိုလည်း တွေ့ရှိခဲ့ရသည်။

ထို့ကြောင့် အမှုစစ်ဆေးနေစဉ်အတွင်း ကျန်ရှိနေသည့် ပိုင်ဆိုင်မှုများကို ထိန်းချုပ်ထားရန်နှင့် ပိုလျှံနေသည့် ငွေကြေးပိုင်ဆိုင်မှုများကို နိုင်ငံတော်သို့ လွှဲပြောင်းပေးအပ်ရန် တရားရုံးသို့ လျှောက်ထားပေးဖို့ ကော်မရှင်က ရှေ့နေချုပ်ထံ တောင်းဆိုခဲ့သည်။ အဆိုပါ တောင်းဆိုမှုတွင် ၎င်း၏ အမည်ဖြင့် မှတ်ပုံတင်ထားသည့် ပိုင်ဆိုင်မှုများသာမက အခြားသူများ၏ အမည်ဖြင့် လွှဲပြောင်းမှတ်ပုံတင်ထားသည့် ပိုင်ဆိုင်မှုများလည်း ပါဝင်သည်။

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် တရားမတရားရုံးက ပိုင်ဆိုင်မှုပစ္စည်း ၅၁ ခုစလုံးကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းရန် အမိန့်ချမှတ်ခဲ့သည်။ ဗိုလ်ချုပ်ကြီး ဆာသီယန်အနေဖြင့် အဆိုပါ ပိုင်ဆိုင်မှုများ၊ ပိုင်ဆိုင်ခွင့်အမည်ပေါက် လွှဲပြောင်းမှုများ၊ သက်ဆိုင်ရာ စာရွက်စာတမ်းများနှင့်အတူ ယင်းပိုင်ဆိုင်မှုများမှ ရရှိထားသည့် ဝင်ငွေအားလုံးကို လွှဲပြောင်းပေးအပ်ရန် တရားရုံးက အမိန့်ချခဲ့သည်။ အကယ်၍ စီရင်ချက်ပါအတိုင်း အပြည့်အဝ သိမ်းဆည်းနိုင်ခြင်း မရှိပါက ၁၀ နှစ်အတွင်း တန်ဖိုးတူညီမျှသည့် ၎င်း၏ အခြားပိုင်ဆိုင်မှုများကို အစားထိုး သိမ်းဆည်းနိုင်ကြောင်းလည်း တရားရုံးက ဖြည့်စွက်အမိန့်ချမှတ်ခဲ့သည်။

သို့သော် အယူခံတရားရုံးက ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်နေ့တွင် အဆိုပါ စီရင်ချက်ကို ပြင်ဆင်ခဲ့ပြီး တပ်မတော်ဖွံ့ဖြိုးရေးကွပ်ကဲမှုဌာနချုပ် ငွေစုငွေချေးသမဝါယမအသင်းရှိ ဘတ်ငွေ ၆၃၄,၆၈၃ ဒသမ ၅၃ နှင့် ဘတ်ငွေ ၄၀၀,၀၀၀ စီ အသီးသီးရှိသော အကောင့်နှစ်ခု (စာရင်းအမှတ် ၃၀ နှင့် ၃၁) ကို သိမ်းဆည်းစာရင်းမှ ပယ်ဖျက်ပေးခဲ့ကာ ကျန်အမိန့်များကိုမူ အတည်ပြုခဲ့သည်။

ယခုအခါ တရားလွှတ်တော်ချုပ်က မူလ တရားမတရားရုံး၏ အမိန့်ကို အပြည့်အဝ ပြန်လည်အတည်ပြုလိုက်သဖြင့် စုစုပေါင်း တန်ဖိုး ဘတ် ၁ ဒသမ ၀၃ သန်းခန့်ရှိ အဆိုပါ အပ်ငွေစာရင်းနှစ်ခုသည်လည်း နိုင်ငံတော်ဘဏ္ဍာအဖြစ် ပြန်လည်သိမ်းဆည်းခံရမည် ဖြစ်သည်။ သို့သော် ဗိုလ်ချုပ်ကြီး ဆာသီယန်နှင့် အခြားကန့်ကွက်လျှောက်ထားသူများ ပေးသွင်းထားသည့် တရားရုံး အမှုလျှောက်ထားခများကိုမူ ပြန်လည်ထုတ်ပေးရန် အမိန့်ချမှတ်ခဲ့သည်။

ဗိုလ်ချုပ်ကြီး ဆာသီယန်သည် ၂၀၁၁ ခုနှစ်တွင် ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဖြစ်လာခဲ့ပြီး နောက်တစ်နှစ်တွင် ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။ ၎င်း၏ ပင်စင်သက်တမ်းပြည့် အငြိမ်းစားယူရန် တစ်လအလို ၂၀၁၂ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်နေ့တွင် ၎င်း၏နေရာ၌ အစားထိုးခန့်အပ်မည့်သူနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို တရားဝင်မထုတ်ပြန်မီ ပေါက်ကြားစေခဲ့သည်ဟုဆိုကာ ကာကွယ်ရေးဝန်ကြီးဖြစ်သည့် လေတပ်ဗိုလ်ချုပ်ကြီး ဆူကမ်ပို ဆူဝါနာတတ် (ACM Sukumpol Suwanatat) က ၎င်းနှင့် အခြားဗိုလ်ချုပ်ကြီးနှစ်ဦးကို ဝန်ကြီးရုံးရှိ လုပ်ပိုင်ခွင့်မဲ့ အရန်ရာထူးနေရာသို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။

၎င်းက အဆိုပါ ရာထူးအပြောင်းအရွှေ့ကို အုပ်ချုပ်ရေးတရားရုံးသို့ တိုင်ကြားကန့်ကွက်ခဲ့သော်လည်း အထောက်အထားအဖြစ် စာရွက်စာတမ်းအတုများနှင့် လက်မှတ်အတုများ တင်သွင်းခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် တရားရုံးက ၎င်း၏ လျှောက်ထားချက်ကို ပယ်ချခဲ့သည်။ ထို့နောက်တွင် ၎င်းက အယူခံဆက်မတက်တော့ကြောင်း ပြောကြားခဲ့ပြီးနောက် လက်ထောက်ကြည်းတပ်ဦးစီးချုပ် သာနောင်ဆက် အပီရက်ယိုသင် (Thanongsak Apirakyothin) က ကာကွယ်ရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ရာထူးကို ဆက်ခံခဲ့သည်။

Ref: The Thaiger

မူရင်းသတင်း — Myanmar Transparency News