Myanmar National Post

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ နာယက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံ(၂၀၂၆) သို့တက်ရောက် အမှာစကား ပြောကြား



နေပြည်တော်၊ နိုဝင်ဘာ ၂၇

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံ(၂၀၂၆) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း အဖွဲ့ ဗဟိုဌာနချုပ်ရှိ ညီလာခံခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ နာယက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက် အမှာ စကား ပြောကြားသည်။

အဆိုပါညီလာခံ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် (အငြိမ်းစား) နှင့်အဖွဲ့ဝင်များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ အသီးသီးမှ တာဝန်ရှိသူများကVideo Conferencing ဖြင့် တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ နာယက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ကြီးကို “ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ် အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် တိုင်းရင်းသား ပြည်သူများ၏လူမှုရေး၊ စီးပွားရေး၊ တန်းတူပြိုင်တူ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန်၊ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးလုပ်ငန်းများတွင် တပ်မတော်၏ အရန်အင်အားအဖြစ် တာဝန်သိသိဖြင့် ပါဝင်ဆောင်ရွက်ရန်၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များစည်းလုံး ညီညွတ် စွာဖြင့် အချင်းချင်းအပြန်အလှန် အကူအညီပေးရန်နှင့် နိုင်ငံတော်အကျိုးပြု လုပ်ငန်းများတွင် စုစည်းညီညွတ်စွာဖြင့် ပါဝင်ဆောင်ရွက်ရန်” ဆိုသည့် ရည်ရွယ်ချက် များနှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် စစ်မှုထမ်းဟောင်းအဖွဲ့ များ၊ မြို့နယ် အဆင့် စစ်မှုထမ်းဟောင်း အဖွဲ့များနှင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း။

လွတ်လပ်ရေးရပြီးချိန်မှစ၍ စစ်ပြန်စစ်မှုထမ်းအချို့သည် မိမိတို့၏ မြို့ပြရပ်ရွာ ဒေသအသီးသီးမှာ စစ်မှုထမ်းဟောင်းအစုအဖွဲ့လေးများကို ကိုယ့်နည်းကိုယ့်ဟန်နှင့် စုစည်းခဲ့ကြရာက ၁၉၈၉ ခုနှစ်တွင် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ဥပဒေကို ပြဋ္ဌာန်းပြီး ခေတ်ကာလအခြေအနေများနှင့် လိုက်လျောညီထွေရှိစေမည့် ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်တာဝန် ဝတ္တရားများကို ချမှတ်ခဲ့ကြောင်း၊ အဆိုပါ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် တာဝန်ဝတ္တရားများကို ဆောင်ရွက်နိုင်ရန်ရှိသင့်ရှိ ထိုက်သည့် ဖွဲ့စည်းပုံများကို စနစ်တကျဖွဲ့စည်းနိုင်ခဲ့ချိန်မှစ၍ ယနေ့ထက်တိုင် အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း။

ဥပဒေစည်းမျဉ်းများနှင့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ညီလာခံနှင့် အထူးညီလာခံများကို ၁၀ ကြိမ်တိုင်တိုင် ကျင်းပ ဆောင် ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် ညီလာခံကတစ်ဆင့် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသူများသည် ယခုအခါ ၅ နှစ်သက်တမ်းကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြပြီးဖြစ်၍ အသစ်ရွေးချယ်တင်မြှောက်ခြင်း ခံထားကြရသည့် ဗဟိုကောင်စီ၊ ဗဟိုအမှုဆောင် အဖွဲ့များ၊ အမှုဆောင်အဖွဲ့အဆင့်ဆင့်တို့နှင့်အတူ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ကြီး၏ တာဝန်ဝတ္တရားများကို ဆက်လက်ထမ်းဆောင်သွားကြတော့မည်ဖြစ် ကြောင်း၊ ရွေးချယ်တင်မြှောက်ခြင်းခံရသူအားလုံးအတွက် ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူမိပါ ကြောင်းကို မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ နာယကတစ်ဦးအနေဖြင့် ပြောကြားလိုကြောင်း။

တပ်မတော်သားများသည် ဘီအိုင်အေ ခေတ်မှစ၍ မျိုးချစ်စိတ်၊ တိုင်းပြည် လွတ်လပ်ရေးပြန်ရရန်ဆိုသည့် ကိုယ်ကျိုးမဖက်သည့်စိတ်ဓာတ်များဖြင့် တပ်မတော်သို့ ဝင်ရောက် ခဲ့ကြသူများပင်ဖြစ်ကြောင်း၊ တပ်မတော်အင်အားကို ပြင်ဆင်ဖွဲ့စည်းရချိန် များတွင်လည်း အမိန့်နာခံပြီး စစ်သားကောင်းများပီပီ ပြုမူကျင့်ကြံခဲ့ကြကြောင်း၊ တိုင်းပြည်က လိုအပ်လာ၍ ပြန်လည်စစ်မှုထမ်းရန် ဆင့်ခေါ်လာချိန်များတွင်လည်း မည်သည့်အဆင့်၊ မည်သည့်ရာထူးမျိုးနှင့်မဆို ပြန်လည်ထမ်းဆောင်ရန် တပ်မတော်ထံသို့ နောက်တစ်ကြိမ်ပြန်လည်ဝင်ရောက်လာကြသည့် မှတ်တမ်းကောင်းများ ကိုလည်း တွေ့ရှိရကြောင်း၊ ၎င်းသည် “တစ်ခါစစ်သားဖြစ်ဖူးရင် ထာဝရစစ်သားပင်” ဆိုသည့် စိတ်ဓာတ်ကို ပြသခြင်းဖြစ်ကြောင်း။

ယနေ့ခေတ်ကာလများတွင်လည်း တပ်မတော်သားစစ်မှုထမ်းဟောင်းများ အနေ ဖြင့် စစ်မှုထမ်းဟောင်းအဖွဲ့ကြီးက ချမှတ်ထားသည့် ရည်ရွယ်ချက်များနှင့် ရှေ့လုပ်ငန်း စဉ်များကို မိမိတို့ကျရာတာဝန်များအလိုက် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသည်ကိုတွေ့ရှိရကြောင်း၊ ဗဟိုအမှုဆောင်အဖွဲ့က ကြီးကြပ်

ဆောင်ရွက်လျက်ရှိသည့် အမျိုးသားနိုင်ငံရေးလုပ်ငန်း၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ လူမှုရေးလုပ်ငန်းများနှင့် သက်သာချောင်ချိရေး လုပ်ငန်း၊ ပြည်သူ့အကျိုးပြုလုပ်ငန်း စသည့်ကဏ္ဍများအပေါ်တွင် အမှုဆောင် အဆင့်ဆင့်မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အောင်မြင်မှုများရရှိနေ သည်ကို တွေ့ရသည့်အတွက် ရရှိပြီးသား အရှိန်ကောင်းများ ဆက်လက်ရှင်သန် နေအောင်ကြိုးပမ်း သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များသည် တပ်မတော်၏အရန်အင်အားများ ဖြစ်သည် နှင့်အညီ ပြည်သူ့စစ်မဟာဗျူဟာကို အကောင်အထည်ဖော်သည့် အခါတွင် ပြည်သူ လူထုနှင့် နီးနီးကပ်ကပ် ထိတွေ့ ဆက်ဆံနေကြသူများ ဖြစ်ခြင်း ကြောင့် ပြည်သူနှင့် တပ်မတော်ကြားတွင် ခိုင်မာသည့်ပေါင်းကူးတစ်ခုအဖြစ်တည် ဆောက်နိုင်စွမ်းရှိ အောင် ကြိုးစားသွားကြရန်မှာကြားလိုကြောင်း၊ ရဲဘော်စိတ်ဆိုသည်မှာ “သေတူရှင်ဖက်၊ ဆောင်ရွက်မကင်း၊ အချင်းချင်းတွင်၊ အခင်းကြီးငယ်၊ ရှိခါဝယ်လည်း၊ မဖယ်မသွေ၊ ညီညာကုန်း၍ ရုန်းကြလေ” ဆိုသည့် လင်္ကာနှင့်အညီ တာဝန်ထမ်းဆောင်နေဆဲ တပ်မတော်သားများ၊ ကျန်းမာရေးနှင့် အသက်အရွယ်အရ အငြိမ်းစားယူသွားကြရသည့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ အတွက်ပါ ထာဝရရှင်သန်နေသည့် အဆုံးအမတစ်ခုပင်ဖြစ်ကြောင်း၊ မည်သည့် အချိန်အခါ၊ မည်သည့်နေရာကိုပင် ရောက်ရောက် ရဲဘော်စိတ်ဆိုသည့် သံယောဇဉ် တရား၊ မေတ္တာတရား၊ သစ္စာစောင့်သိမှုတရားများက ရည်မှန်းချက်တာဝန်များကို အောင်မြင်ပြီးမြောက်စေခြင်း၏ အခြေခံအကြောင်းတရားများပင်ဖြစ်ကြောင်း၊ မိမိတို့၏ ကာယ၊ ဉာဏ အစဉ်ကြံ့ခိုင်တောင့်တင်းမှုများသည် တိုင်းပြည်အတွက် အင်အား များပင်ဖြစ်သည်ကို နားလည်သိရှိထားကြရန် တိုက်တွန်းပြောကြား လိုကြောင်း။

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ အနေဖြင့် အာဆီယံနိုင်ငံများဟောင်းအဖွဲ့ အဖွဲ့ဝင်အဖြစ် ထဲထဲဝင်ဝင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက် ရှိကြောင်း နှင့် လုပ်ငန်းဆောင်တာများသည် စစ်မှုထမ်းဟောင်းရေးရာများအပြင် အာဆီယံ အဖွဲ့ကြီး၏ လုံခြုံရေး၊ သဘာဝဘေး ကယ်ဆယ်ရေး၊ လူမှုရေး၊ စီးပွားရေး အသိုက်အဝန်းများတွင် ဆက်စပ်ဆောင်ရွက်နေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ကြီးအနေဖြင့် အာဆီယံနိုင်ငံများ စစ်မှုထမ်းဟောင်း အဖွဲ့ကြီးမှတစ်ဆင့် ဒေသတွင်း နိုင်ငံတကာအသိုင်းအဝိုင်းများကြား မိမိနိုင်ငံ၏ဂုဏ်ဒြပ်ကို ဖော်ထုတ်ပြသခြင်းဖြင့် နိုင်ငံတော်အစိုးရ၏ ပြည်ပနိုင်ငံတကာ ဆက်ဆံရေးလုပ်ငန်းများတွင် အထောက် အကူဖြစ်စေရန် ဆောင်ရွက်သွားကြရ မည်ဖြစ်ကြောင်း။ ယခုအခါ တပ်မတော်ကအငြိမ်းစားယူသည့် စစ်မှုထမ်းဟောင်းအိမ်ရာများ ဆောက်လုပ်ပေးရာတွင် အဆင်သင့်နေထိုင်နိုင်ရေး အတွက် ပရိဘောဂများကိုပါ ထည့်သွင်းဖြည့်တင်းပေးလျက်ရှိကြောင်း၊ ထို့အပြင် အမှန်တကယ် နစ်နာမှုများနှင့်ကြုံရပြီး အမှီအခိုလိုအပ်လျက်ရှိနေသည့် စစ်မှုထမ်း ဟောင်းများနှင့် မိသားစုဝင်များကို ဦးစားပေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နှစ်စဉ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသူများကို တပ်မတော်အစီအစဉ် ဖြင့် ဂုဏ်ပြုချီးမြှင့်မှုများပေးအပ်ရာတွင်လည်း စစ်မှုထမ်းဟောင်း မိသားစုဝင်များ၏ သားသမီးများကိုပါ နှစ်စဉ်ဂုဏ်ပြုဆုများပေးအပ်လျက်ရှိကြောင်း၊ တပ်မတော် အကြီးအကဲ အစဉ် အဆက်အနေဖြင့် စစ်မှုထမ်းဟောင်း တပ်ဖွဲ့ဝင်များအပေါ်တွင် အစဉ်အသိအမှတ်ပြု လေးစားတန်ဖိုးထားလျက်ရှိပြီး အကြီးအကဲများကိုယ်တိုင် “တစ်ခါစစ်သား ထာဝရစစ်သား” ဆိုသည့် စကားတစ်ခွန်းကို နှလုံးသွင်းထားကြ သည့်အတွက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအနေဖြင့် တပ်မတော်သားတစ်ဦး၏ သစ္စာကို ထာဝရ စောင့် သိလိုက်နာ ထိန်းသိမ်းသွားကြရန်လိုကြောင်း။

တပ်မတော်သားဟောင်းများသည် တပ်မတော်၏ အစဉ်အလာကောင်းများကို ထာဝစဉ် ထိန်းသိမ်းသကဲ့သို့ စစ်မှုထမ်းဟောင်းအဖွဲ့ကြီး၏ ကောင်းမွန်သည့် ဂုဏ်သိက္ခာများကိုလည်း ဆက်လက်စောင့်ထိန်းသွားကြရန်၊ ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးလုပ်ငန်းများတွင် တပ်မတော်၏ အရန်အင်အားအဖြစ် ခိုင်ခိုင်မာမာရပ်တည်သွားကြရန်၊ ချမှတ်ထားသည့် ရှေ့ လုပ်ငန်း စဉ် ၇ ရပ်နှင့် လုပ်ငန်းကဏ္ဍကြီး ၅ ရပ်ကို ဆင့်ကဲဆင့်ကဲ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်နှင့် အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရင်း ပြည်သူနှင့် တပ်မတော်အကြား ခိုင်မာသည့် ပေါင်းကူးအဖြစ် နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်အတူ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ဝိုင်းဝန်းကြိုးစားသွားကြရန်လိုကြောင်းဖြင့်ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် (အငြိမ်းစား)က မသန်စွမ်း စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ အသက် ၇၅ နှစ်နှင့် အထက် အသက်အပိုင်းအခြားအလိုက် စစ်မှု ထမ်းဟောင်း အဖွဲ့ဝင်များနှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အဆင့်မြင့်တက္ကသိုလ် ပညာ သင်ဆုရရှိသူများကို ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ နာယက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် အခမ်းအနားတက်ရောက်လာကြသည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

ယင်းနောက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ နာယက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် အခမ်းအနားတက်ရောက်လာကြသည့် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ဝင်များ၊ ဗဟိုကောင်စီဝင်များနှင့်အတူ မှတ်တမ်းတင် စုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြောင်း သတင်းရရှိသည်။


#Myanmar #News 

မူရင်းသတင်း — Myanmar National Post