
ဆူးငှက်
ရတနာအစစ်တွေ ဆင်ပေးတယ် ———————————– မန္တလေးက အလှူ၊ မင်္ဂလာပွဲများတွင် ရှေးက သတို့သမီးအတွက် ဖြစ်စေ၊ ရှင်လောင်းနှင့် နားသများ အတွက်ဖြစ်စေ၊ လက်ဝတ်ရတနာများကို နီးစပ်သည့် မြို့မိမြို့ဖ သူဌေးကြီးများက ယုံကြည်မှု မေတ္တာဖြင့် မိမိတို့ပိုင် တန်ဖိုးကြီး လက်ဝတ်ရတနာ အစစ်များဖြင့် ဆင်ယင်ပေးကြသည်။ လက်ခံသည့် အလှူ့ရှင် မင်္ဂလာ့ရှင်များကလည်း ဂရုတစိုက်နှင့် ထိန်းသိမ်း ဝတ်ဆင်ကာ ပွဲပြီးသည်နှင့် အပွန်းအပဲ့မခံဘဲ စံနစ်တကျ ပြန်လည် အပ်နှံကြသည်။ ထိုယုံကြည်မှုက အလွန်တန်ဖိုးထားအပ်သည့် မန္တလေး၏ စိတ်ရင်းစိတ်ဓာတ်ဖြစ်သည်။ ကိုယ့်အိမ်ရှေ့ ဈေးထွက်သည့် ကုန်စိမ်သည်လေး မင်္ဂလာဆောင်တော့ အိမ်ကြီးရှင် တိုက်ကြီးရှင်က လက်ဝတ်ရတနာ အစစ်တွေ ငှားရမ်းဆင်ပေးသည်။ ထိုကုန်စိမ်း သည်လေး လှူတော့လည်း မောင်ရင်လောင်းနှင့် နားရံတွေကို ရတနာအစစ်များပဲ ဆင်ပေးသည်။
ထိုနည်းတူ ရပ်ကွက်ထဲတွင် အလှူပွဲ၊ မင်္ဂလာပွဲများ ရှိလျှင်လည်း ထိုရပ်ကွက်ထဲက ကုန်သည်ပွဲစား သူဌေးသူကြွယ်က မိမိတို့ လက်ဝတ်ရတနာများကို ထုတ်၍ မောင်ရင်လောင်း နားရံသာမက အလှူ့အမ နှင့် သတို့သမီး အထိ ညွတ်နေအောင် ဆင်ပေးကြသည်။ ၁၉၇၀ကျော် နောက်ပိုင်းရောက်တော့ ကြားက အတိမ်းအစောင်း လေးတွေ ရှိလာလို့ ထိုဓလေ့အစား ရွှေရည်စိမ် လက်ဝတ်ရတနာများ အခကြေးငွေဖြင့် ငှားရမ်းတာမျိုးတွေ ခေတ်စားလာ၏။
ဧည့်ဝတ်ကျေလွန်းလှသည့် ဧည့်ကြိုဧည့်ခံ —————————————— ထို့ပြင် ရှေးက မန္တလေး၏ အလှူပွဲ မင်္ဂလာပွဲများတွင် ဧည့်ကြို ဧည့်ခံကြသည့် ဓလေ့မှာလည်း အလွန် ဧည့်ဝတ်ကျေကြလှ၏။ အလှူပွဲ မင်္ဂလာပွဲများတွင် သက်ဆိုင်ရာ ရပ်ကွက်က လူမှုရေးအသင်းများသာမက ရပ်ကွက်ခံ ရပ်မိရပ်ဖများကပင် အယုတ်အလတ်အမြတ်မရွေး ဧည့်ခံကြသည်။ အထူးသဖြင့် ဈေးမိတ်မို့ ရွှေဆိုင်တန်းအဖွဲ့က ဧည့်ခံသည်၊ ထိုးမုန့်တန်းအဖွဲ့က ဧည့်ခံသည်၊ သံဖြူတန်းအဖွဲ့က ဧည့်ခံသည်။ ဝါးတန်းအဖွဲ့က ဧည့်ခံသည်ဆိုလျှင် တကယ့် ပွဲကတော် ပွဲစား ရွှေကုန်သည် စသူတို့ကိုယ်တိုင် လာသမျှဧည့်သည်ကို ခေါ်ပြီး နေရာချပေး အစားအသောက်တွေ အလစ်လပ်ရအောင် ချကာ ဧည့်ခံပေးသည်။ ရပ်ကွက်အနေနှင့်လည်း မြောက်ပြင်ထားဝယ်၊ အနောက်ပြင် ချမ်းသာရထုံးကုန်း၊ အရှေ့ပြင် နန်းတော်ရှေ့ နယ်လုံးဆိုင်ရာ၊ တောင်ပြင် ရှမ်းပွဲ စသည်ဖြင့် အလှုပွဲ မင်္ဂလာပွဲတွေမှာ လာသမျှ ဧည့်သည်ကို ဧည့်ခံကြတာ အားနာစရာပင် ကောင်းလှ၏။ ဒါက မန္တလေး၏ ရှေးက တန်ဖိုးထားဖွယ် ဓလေ့များဖြစ်သည်။
ဆယ်ဖီရိုက်တာ အရေးကြီးတယ် ————————————- သည်ရက်ပိုင်းတွေ ကျွန်တော်သည် ဖိတ်ကြားခံရသည့် အလှူပွဲ မင်္ဂလာပွဲတွေ ရောက်တော့ မန္တလေး၏ ချစ်စရာကောင်းသော ထိုဓလေ့များကို တသသ သတိရနေမိသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်ကြုံခဲ့ရသည့် အလှူပွဲ မင်္ဂလာပွဲတွေမှာ ထိုဓလေ့မရှိတော့။ ခန်းမထဲ ဓမ္မာရုံထဲ ဝင်လိုက်သည်နှင့် ဧည့်ခံနေကြသူတွေက ကိုယ်နှင့်မသိလျှင် မျက်နှာလွှဲနေကြသည်။ ခေါ်မယ့်သူမရှိ။ ဘယ်စာပွဲ ထိုင်ရမှာလဲမသိ။ ကြောင်စီစီနှင့် ကြုံသည့်စာပွဲ ထိုင်လိုက်ရသည်။ ခန်းမက စာပွဲထိုးလာချပေးမှ ဧည့်ခံသည့် အစားအသောက် ကိုယ့်ရှေ့ရောက်သည်။ အလှူ့ရှင် မင်္ဂလာ့ရှင်ဘက်က ဘယ်သူမှ ဧည့်ဝတ်မပြုကြ။ ယခင်က ဤသို့ ကြောင်စီစီဖြစ်နေလျှင် တစ်စာပွဲတည်း အတူထိုင်သူက သူ့ရှေ့ရှိ မုန့်ပွဲ လက်ဖက်ပွဲတွေ ချပေးပြီး ဧည့်ခံပေးသည်။ ယခု ထိုသို့မရှိတော့၊ အတူထိုင်သူကလည်း ကိုယ်နှင့် မသိလျှင် မျက်နှာလွှဲထားကြသည်။
ထိုအခါ ကိုယ့်အသိများ ရှိမလးဟု အလှူ့ရှင် မင်္ဂလာ့ရှင်များ ဆီ မျှော်ကြည့်မိသည်။ သူတို့က ကိုယ့်ကို မြင်ကြပါ၏။ သို့သော် သူတို့က ဆယ်ဖီရိုက်နေကြတာ၊ သူတို့ ဖေ့ဘုတ်ဖရင့်များနှင့် ဂရုဖိုတိုရိုက် လိုင်းပေါ်တင် လိုက်ပေးကြနှင့် အလုပ်ရှုပ်နေသောကြောင့် ကိုယ့်ဆီ လက်ပြရုံပဲ ပြနိုင်ကြသည်။ လာရောက် ဧည့်မခံနိုင်ကြတော့။ သူတို့ ဖရင့်တွေ ဖော်လိုဝါတွေက ပိုအရေးကြီးသည်။ ဤသို့ဖြင့် ကိုယ့်ရှေ့ မရောက်ချင်ရောက်ချင်နှင့် စာပွဲထိုးချပေးလို့ ရောက်လာတာလေး တို့ကာပင့်ကာစားပြီး လက်ဖွဲ့ခဲ့သည်။ လက်ဖွဲ့ပြန်က ယပ်တောင်ဆိုတာ မရှိတော့။ ပလပ်စတစ် ပန်းခက်လေး ထိုးထားသော ဂျပ်ပြားလေး။ ကျွန်တော့်မှာ မင်္ဂလာခန်းမကအပြန် စဝင်ကတည်းက လက်ဆွဲကာ စာပွဲမှာ နေရာချပေး၊ ဒန်ပေါက်ပွဲရှေ့ရောက်ချ၊ ဘေးမှာ ယပ်တောင်ကြီး ရမ်း၍ ကြက်သားတွေ ထည့်ပေး၊ လိုက်ပွဲတွေမှာပေး၊ ရေခဲမှုန့်ချပေး၊ ကိတ်ပွဲ အသစ်တွေ လဲပေး၊ လက်ဖက်ပွဲ ချပေးကာ ဧည့်ဝတ်ကျေလွန်းသော ရွှေဆိုင်တန်းသူကြီးတွေကို သတိရနေမိတော့သည်။
ဆူးငှက်