NP News

အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံသားဒါဇင်ချီကို အွန်လိုင်းလိမ်လည်မှုဂိုဏ်းတစ်ခုလက်ထဲမှ အိန္ဒိယရဲတပ်ဖွဲ့ကယ်တင်

Pika (NP News) - နိုဝင်ဘာ ၂၈

အိန္ဒိယနိုင်ငံ ဒေလီမြို့ရဲ့ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ တရားမဝင်ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အွန်လိုင်းလိမ်လည်မှုတစ်ခုမှာ ပါဝင်လုပ်ကိုင်ဖို့ အတင်းအကျပ်စေခိုင်းခံနေရတဲ့ မလေးရှား နဲ့ အင်ဒိုနီးရှားနိုင်ငံသားဒါဇင်ချီကို ကယ်တင်နိုင်ခဲ့တယ်လို့ အိန္ဒိယရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံသား(၉၂)ဦး နဲ့ မလေးရှားနိုင်ငံသား(၇၂)ဦး စုစုပေါင်း(၁၆၄)ဦးကို အောင်မြင်စွာကယ်တင်နိုင်ခဲ့တာဖြစ်တယ်လို့ ဒေလီရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

၎င်းတို့အားလုံးဟာ အလုပ်အကိုင်ရရှိမယ်ဆိုတဲ့ကတိစကားတွေနဲ့ အကျိုးအမြတ်များတဲ့အခွင့်အလမ်းတွေရှိတယ်ဆိုတဲ့ စည်းရုံးသိမ်းသွင်းချက်တွေနဲ့ အိန္ဒိယနိုင်ငံကိုရောက်ရှိလာခဲ့ကြတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။
ဒါပေမဲ့လည်း နောက်ပိုင်းမှာ အတုအယောင်ရင်းနှီးမြှုပ်နှံမှုတွေကနေတစ်ဆင့် အပြစ်မဲ့ပြည်သူတွေကို လိမ်လည်တဲ့လုပ်ငန်းစဉ်တွေမှာပါဝင်လုပ်ကိုင်ဖို့ အတင်းအကျပ်စေခိုင်းခံခဲ့ရတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

အဲဒီဖြစ်ရပ်အတွင်း လိမ်လည်ရာမှာအသုံးပြုခဲ့တဲ့ မိုလ်ဘိုင်းဖုန်း အလုံးရေ(၃၅၀)ကျော်၊ ကွန်ပြူတာအလုံးရေ(၁၇၀)နီးပါး၊ လက်ပ်တော့(၂၆)လုံးနဲ့ နိုင်ငံကူးလက်မှတ်(၁၇၄)ခုတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။
လိမ်လည်မှုလုပ်ငန်းနဲ့ပတ်သက်ပြီး မလေးရှားနိုင်ငံသား(၁)ဦးကို ဖမ်းဆီးထားကြောင်း နဲ့ ကွန်ရက်အတွင်း အခြားဘယ်သူတွေ ပါဝင်ပတ်သက်နေလဲဆိုတာကို စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့လည်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — NP News