NP News

ဗြိတိန်ပင်စင်ဌာန ဆိုက်ဘာတိုက်ခိုက်ခံခဲ့ရ

Pika (NP News) - နိုဝင်ဘာ ၂၈

ပြင်းထန်တဲ့ဆိုက်ဘာဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့တာကြောင့် ပင်စင်နဲ့လူမှုဖူလုံရေးထောက်ပံ့ကြေးတွေကို စီမံခန့်ခွဲတဲ့ ဗြိတိန်အစိုးရဌာနတစ်ခုဟာ ၎င်းရဲ့ဝန်ဆောင်မှုတွေကို ရပ်ဆိုင်းထားလိုက်ရတယ်လို့ သိရပါတယ်။
ဒါပေမဲ့လည်း လက်ရှိအချိန်အထိ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ပေါက်ကြားတာမျိုးတွေတော့ မရှိသေးဘူးလို့ သိရပါတယ်။
အလုပ်သမားနဲ့ ပင်စင်ရေးရာဝန်ကြီး McFadden က "ဒါက အလွန်အရေးကြီးတဲ့ ဆိုက်ဘာဖြစ်ရပ်တစ်ခုပဲဖြစ်ပါတယ်။ ဒီလိုမျိုးဖြစ်ပွားရတဲ့အကြောင်းအရင်းတွေကို ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

ဒါပေမဲ့လည်း ပုံမှန်ပေးချေနေကြ အကျိုးခံစားခွင့်တွေနဲ့ ပင်စင်လစာတွေကိုတော့ ပုံမှန်အတိုင်း ဆက်လက်ပေးချေလျက်ရှိတယ်လို့ McFadden က ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ဝန်ဆောင်မှုတွေကို တတ်နိုင်သမျှ အမြန်ဆုံးလည်ပတ်နိုင်ဖို့အတွက် အမျိုးသားဆိုက်ဘာလုံခြုံရေးစင်တာ၊အခြားအစိုးရတာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဆောင်နေတယ်လို့လည်း McFadden က ပြောကြားခဲ့ပါတယ်။
၎င်းက "လက်ရှိအချိန်မှာ ပြည်သူလူထုကိုပေးချင်တဲ့အရေးအကြီးဆုံးမက်ဆေ့ချ်ကတော့ ဘယ်သူ့ရဲ့ကိုယ်ရေးအချက်အလက်တွေမှ ပေါက်ကြားသွားတယ်ဆိုတဲ့ အထောက်အထားမျိုးမရှိသေးဘူးဆိုတာပါပဲ” လို့ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း ဗြိတိန်ကုမ္ပဏီတွေနဲ့အဖွဲ့အစည်းတွေဟာ မကြာခဏဖြစ်ပွားလေ့ရှိတဲ့ပြင်းထန်တဲ့ဆိုက်ဘာတိုက်ခိုက်မှုတွေကို ပိုမိုရင်ဆိုင်လာခဲ့တာလည်းဖြစ်ပါတယ်။
အခြားအစိုးရဌာနတွေကို မကောင်းတဲ့ရည်ရွယ်ချက်ရှိသူတွေက ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ညွှန်ပြတဲ့ အထောက်အထားမျိုး မတွေ့ရှိရသေးဘူးလို့လည်း ဗြိတိန်ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — NP News