
စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၂၈
တရားမဝင်ဓာတ်အားလိုင်းဆွဲပြီး ဆင့်ပွားဓာတ်အားပေးနေသည့် ကိုယ်ပိုင်ထရန်စဖော်မာ (၇) လုံးကို မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် တွေ့ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ပုသိမ်ကြီးမြို့နယ်အတွင်း ပြီးခဲ့သည့် နိုဝင်ဘာ (၂၀) ရက်တွင် ကနဦးကွင်းဆင်းစစ်ဆေးခဲ့ရာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်မညီဘဲ ဓာတ်အားဆင့်ပွားသုံးစွဲနေမှုများကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ပြီးခဲ့သည့် နိုဝင်ဘာလ (၂၁) ရက်တွင် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ရုံးချုပ်၊ ခရိုင်နှင့် မြို့နယ်တို့မှ တာဝန်ရှိသူများပါဝင်သည့် ကော်မတီအဖွဲ့က ထပ်မံကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုနှင့် ကျေးရွာ (၇) နေရာမှ ပုဂ္ဂလိကထရန်စဖော်မာ (၇) လုံးတွင် ခွင့်ပြုမိန့်၌ မပါဝင်သည့် (၄၀၀) ဗို့အား ဓာတ်အားလိုင်းများကို တိုးချဲ့တည်ဆောက်သွယ်တန်းထားပြီး ပြင်ပ Sub Meter များဖြင့် တရားမဝင်ဓာတ်အားခိုးယူ သုံးစွဲနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ထရန်စဖော်မာ (၇) လုံးမှာ စပါးတလင်းနှင့် စပါးဂိုဒေါင်လုပ်ငန်း၊ အလင်းရောင်နှင့် အထွေထွေသုံးလုပ်ငန်း၊ အဆင့်မြင့်စိုက်ပျိုးရေးလုပ်ငန်း၊ သီးနှံဂိုဒေါင်နှင့် ဓာတ်မြေဩဇာအရောင်းဆိုင်လုပ်ငန်း၊ အထည်ချုပ်စက်ရုံလုပ်ငန်းတို့အတွက် အသုံးပြုနေသည့် ထရန်စဖော်မာများဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အဆိုပါထရန်စဖော်မာ (၇) လုံးကို လျှပ်စစ်ဓာတ်အားဖြတ်တောက်ပြီး လျှပ်စစ်ဥပဒေနှင့် အညီ အရေးယူနိုင်ရေး ဆောင်ရွက်ထားကြောင်း သိရသည်။
ထို့ပြင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနရှိ Control Center များ၏ နည်းပညာအဆင့်မြှင့်တင်မှု များကြောင့် ဓာတ်အားခိုးယူသုံးစွဲမှုများကို ပိုမိုဖော်ထုတ်နိုင်မည်ဖြစ်ပြီး ဓာတ်အားမရရှိသေးသည့် ပြည်သူများထံ ပိုမိုတိုးမြှင့်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားကို စည်းကမ်းတကျသုံးစွဲကြရန်နှင့် ဓာတ်အားခိုးယူသုံးစွဲမှုများ တွေ့ရှိပါက Call Center များသို့ဆက်သွယ်သတင်းပေးနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
