NP News

အွန်လိုင်းငွေကြေးလိမ်လည်မှုများကို မြန်မာနိုင်ငံရဲတပ်ဖွဲနှင့် FBI အပါအဝင် ကမ္ဘောဒီးယားနှင့်ပါ ပူပေါင်းတိုက်ဖျက်လိုကြောင်း နိုင်ငံတော်သမ္မတပြော

သန်ဇင် (NP News) - နိုဝင်ဘာ ၂၈

အွန်လိုင်းငွေကြေးလိမ်လည်မှုများကို မြန်မာနိုင်ငံရဲတပ်ဖွဲနှင့် အမေရိကန်နိုင်ငံ FBI အပါအဝင် ကမ္ဘောဒီးယားနှင့်ပါ ပူပေါင်းတိုက်ဖျက်လို ကြောင်း နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က ယနေ့(နိုဝင်ဘာ ၂၈ ရက်) နံနက်ပိုင်းတွင် ဟနွိင်းမြို့၌ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မာနက်နှင့်တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် ကမ္ဘောဒီးယားနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ သိသာစွာ တိုးတက်လာသည့်အတွက် ဝမ်းမြောက်မိကြောင်းနှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ရေရှည်တည်တံ့ခိုင်မြဲစေရေး ဆောင်ရွက်လိုကြောင်း နိုင်ငံတော်သမ္မတက ဆိုသည်။

ထို့ပြင် ကုန်သွယ်ရေး၊ စိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ကမ္ဘောဒီးယားနိုင်ငံ၌ ဒီဇင်ဘာလတွင် ကျင်းပမည့် ကုန်စည်ပြပွဲတွင် ပူးပေါင်းပါဝင်ရေးနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ သဘောတူညီချက်များ ချုပ်ဆိုနိုင်ရေး ဆောင်ရွက်လိုကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
နှစ်နိုင်ငံတပ်မတော်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ စစ်ရေးလေ့ကျင့်မှုများတွင် ပူးပေါင်းပါဝင်ရေး၊ သင်တန်းသားများနှင့် ကိုယ်စားလှယ်အဖွဲများ စေလွှတ်ရေးတိုကို ဆောင်ရွက်လိုကြောင်းလည်း နိုင်ငံတော်သမ္မတက ဆိုသည်။

ထို့ပြင် အွန်လိုင်းငွေကြေးလိမ်လည်မှုများသည် နှစ်နိုင်ငံစလုံးအတွက် ကြီးမားသည့် စိန်ခေါ်မှုဖြစ်ပြီး အမြစ်ပြတ်တိုက်ဖျက်သွားရန် လိုအပ်ကြောင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲနှင့် အမေရိကန်နိုင်ငံ FBI တို့အကြား သတင်းအချက်အလက်ဖလှယ်၍ ပူးပေါင်းဆောင်ရွက် လျက်ရှိသကဲ့သို ကမ္ဘောဒီးယားနိုင်ငံနှင့်လည်း ပူးပေါင်းတိုက်ဖျက်လိုကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
ထို့နောက် အာဆီယံထိပ်သီးအစည်းအဝေး၌ မြန်မာနိုင်ငံဘက်မှ ရပ်တည်ဆွေးနွေးပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ အာဆီယံပဋိညာဉ်နှင့်အညီ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သော်လည်း ခွဲခြားဆက်ဆံခံရမှုကို နိုင်ငံရေးဂုဏ်သိက္ခာအရ လက်ခံနိုင်မည် မဟုတ်ကြောင်း နိုင်ငံတော်သမ္မတက ဆိုသည်။
ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ၊ သဘာဝဘေးအန္တရာယ်များနှင့် လက်နက်ကိုင်ပဋိပက္ခများကို ရင်ဆိုင်ခဲ့ရ သော်လည်း ပြည်တွင်းငြိမ်းချမ်းရေးနှင့် အာဆီယံဘုံသဘောတူညီချက် (၅) ရပ် အကောင်အထည်ဖော်ရေးတို့ကို အတတ်နိုင်ဆုံးကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲများနှင့်တွေ့ဆုံဆွေးနွေး၍ သဘောတူညီချက်များ ရရှိခဲ့မှု၊ လွတ်ငြိမ်းချမ်း သာခွင့်များ ပေးအပ်ခဲ့မှုနှင့် ၂၀၂၇ ခုနှစ်တွင် ငြိမ်းချမ်းရေးညီလာခံကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတသည် ဗီယက်နမ်နိုင်ငံ၌ ကျင်းပသည့် (၁၁) ကြိမ်မြောက် ACMECS ထိပ်သီးအစည်းအဝေးနှင့် (၁၂) ကြိမ်မြောက် CLMV ထိပ်သီးအစည်းအဝေးသို့တက်ရောက်ရန် ယမန်နေ့(နိုဝင်ဘာ ၂၇ ရက်) က ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — NP News