Myanmar Transparency News

စစ်မှုထမ်းဟောင်းများအနေဖြင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးလုပ်ငန်းများတွင် တပ်မတော်၏ အရန်အင်အားအဖြစ် တာဝန်သိသိဖြင့် ပါဝင်ဆောင်ရွက်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တိုက်တွန်း

သတိုး
၂၈. ၁၁. ၂၀၂၆

စစ်မှုထမ်းဟောင်းများအနေဖြင့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးလုပ်ငန်းများတွင် တပ်မတော်၏ အရန်အင်အားအဖြစ် တာဝန်သိသိဖြင့် ပါဝင်ဆောင်ရွက်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက တိုက်တွန်းပြောကြားခဲ့သည်ဟု သိရသည်။

အဆိုပါပြောကြားချက်ကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်ရှိ ညီလာခံခန်းမ၌ကျင်းပသည့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံ(၂၀၂၆) တွင် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ နာယကလည်းဖြစ်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက တက်ရောက် အမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ကြီးကို “ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် တိုင်းရင်းသားပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ တန်းတူပြိုင်တူ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန်၊ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးလုပ်ငန်းများတွင် တပ်မတော်၏ အရန်အင်အားအဖြစ် တာဝန်သိသိဖြင့် ပါဝင်ဆောင်ရွက်ရန်၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ စည်းလုံးညီညွတ်စွာဖြင့် အချင်းချင်း အပြန်အလှန် အကူအညီပေးရန်နှင့် နိုင်ငံတော်အကျိုးပြုလုပ်ငန်းများတွင် စုစည်းညီညွတ်စွာဖြင့် ပါဝင်ဆောင်ရွက်ရန်” ဆိုသည့် ရည်ရွယ်ချက်များနှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် စစ်မှုထမ်းဟောင်းအဖွဲ့များ၊ မြို့နယ်အဆင့် စစ်မှုထမ်းဟောင်းအဖွဲ့များနှင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ပြောကြားသည်။

လွတ်လပ်ရေးရပြီးချိန်မှစ၍ စစ်ပြန်စစ်မှုထမ်းအချို့သည် မိမိတို့၏ မြို့ပြရပ်ရွာ ဒေသအသီးသီးမှာ စစ်မှုထမ်းဟောင်းအစုအဖွဲ့လေးများကို ကိုယ့်နည်း ကိုယ့်ဟန်နှင့် စုစည်းခဲ့ကြရာက ၁၉၈၉ ခုနှစ်တွင် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ဥပဒေကို ပြဋ္ဌာန်းပြီး ခေတ်ကာလအခြေအနေများနှင့် လိုက်လျောညီထွေရှိစေမည့် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် တာဝန်ဝတ္တရားများကို ချမှတ်ခဲ့ကြောင်း၊ အဆိုပါ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် တာဝန်ဝတ္တရားများကို ဆောင်ရွက်နိုင်ရန် ရှိသင့်ရှိထိုက်သည့် ဖွဲ့စည်းပုံများကို ယနေ့ထက်တိုင် အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဥပဒေစည်းမျဉ်းများနှင့် စနစ်တကျဖွဲ့စည်းနိုင်ခဲ့ချိန်မှစ၍ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ညီလာခံနှင့် အထူးညီလာခံများကို ၁၀ ကြိမ်တိုင်တိုင် ကျင်းပဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် ညီလာခံကတစ်ဆင့် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသူများသည် ယခုအခါ ၅ နှစ်သက်တမ်းကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြပြီးဖြစ်၍ အသစ်ရွေးချယ် တင်မြှောက်ခြင်းခံထားကြရသည့် ဗဟိုကောင်စီ၊ ဗဟိုအမှုဆောင်အဖွဲ့များ၊ အမှုဆောင်အဖွဲ့အဆင့်ဆင့်တို့နှင့်အတူ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ကြီး၏ တာဝန်ဝတ္တရားများကို ဆက်လက်ထမ်းဆောင်သွားကြတော့မည်ဖြစ်ကြောင်း၊ ရွေးချယ်တင်မြှောက်ခြင်းခံရသူအားလုံးအတွက် ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူမိပါကြောင်းကို မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ နာယကတစ်ဦးအနေဖြင့် ပြောကြားလိုကြောင်းလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

တပ်မတော်သားများသည် ဘီအိုင်အေခေတ်မှစ၍ မျိုးချစ်စိတ်၊ တိုင်းပြည်လွတ်လပ်ရေးပြန်ရရန်ဆိုသည့် ကိုယ်ကျိုးမဖက်သည့် စိတ်ဓာတ်များဖြင့် တပ်မတော်သို့ ဝင်ရောက်ခဲ့ကြသူများပင်ဖြစ်ကြောင်း၊ တပ်မတော်အင်အားကို ပြင်ဆင်ဖွဲ့စည်းရချိန်များတွင်လည်း အမိန့်နာခံပြီး စစ်သားကောင်းများပီပီ ပြုမူကျင့်ကြံခဲ့ကြကြောင်း၊ တိုင်းပြည်က လိုအပ်လာ၍ ပြန်လည်စစ်မှုထမ်းရန် ဆင့်ခေါ်လာချိန်များတွင်လည်း မည်သည့်အဆင့်၊ မည်သည့်ရာထူးမျိုးနှင့်မဆို ပြန်လည်ထမ်းဆောင်ရန် တပ်မတော်ထံသို့ နောက်တစ်ကြိမ် ပြန်လည်ဝင်ရောက်လာကြသည့် မှတ်တမ်းကောင်းများကိုလည်း တွေ့ရှိရကြောင်း၊ ၎င်းသည် “တစ်ခါစစ်သားဖြစ်ဖူးရင် ထာဝရစစ်သားပင်” ဆိုသည့် စိတ်ဓာတ်ကို ပြသခြင်းဖြစ်ကြောင်း၊ ယနေ့ခေတ်ကာလများတွင်လည်း တပ်မတော် သားစစ်မှုထမ်းဟောင်းများအနေဖြင့် စစ်မှုထမ်းဟောင်းအဖွဲ့ကြီးက ချမှတ်ထားသည့် ရည်ရွယ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို မိမိတို့ကျရာတာဝန်များအလိုက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ဗဟိုအမှုဆောင်အဖွဲ့က ကြီးကြပ်ဆောင်ရွက်လျက်ရှိသည့် အမျိုးသားနိုင်ငံရေးလုပ်ငန်း၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ လူမှုရေးလုပ်ငန်းများနှင့် သက်သာချောင်ချိရေးလုပ်ငန်း၊ ပြည်သူ့အကျိုးပြုလုပ်ငန်း စသည့်ကဏ္ဍများအပေါ်တွင် အမှုဆောင်အဆင့်ဆင့်မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အောင်မြင်မှုများရရှိနေသည်ကို တွေ့ရသည့်အတွက် ရရှိပြီးသားအရှိန်ကောင်းများ ဆက်လက်ရှင်သန်နေအောင် ကြိုးပမ်းသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပြောကြားသည်။

အလားတူ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များသည် တပ်မတော်၏ အရန်အင်အားများဖြစ်သည်နှင့်အညီ ပြည်သူ့စစ် မဟာဗျူဟာကို အကောင်အထည်ဖော်သည့်အခါတွင် ပြည်သူလူထုနှင့် နီးနီးကပ်ကပ် ထိတွေ့ဆက်ဆံနေကြသူများဖြစ်ခြင်းကြောင့် ပြည်သူနှင့်တပ်မတော်ကြားတွင် ခိုင်မာသည့် ပေါင်းကူးတစ်ခုအဖြစ် တည်ဆောက်နိုင်စွမ်းရှိအောင် ကြိုးစားသွားကြရန် မှာကြားလိုကြောင်း၊ ရဲဘော်စိတ်ဆိုသည်မှာ “သေတူရှင်ဖက်၊ ဆောင်ရွက်မကင်း၊ အချင်းချင်းတွင်၊ အခင်းကြီးငယ်၊ ရှိခါဝယ်လည်း၊ မဖယ်မသွေ၊ ညီညာကုန်း၍ ရုန်းကြလေ” ဆိုသည့် လင်္ကာနှင့်အညီ တာဝန်ထမ်းဆောင်နေဆဲ တပ်မတော်သားများ၊ ကျန်းမာရေးနှင့် အသက်အရွယ်အရ အငြိမ်းစားယူသွားကြရသည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအတွက်ပါ ထာဝရရှင်သန်နေသည့် အဆုံးအမတစ်ခုပင်ဖြစ်ကြောင်း၊ မည်သည့်အချိန်အခါ၊ မည်သည့်နေရာကိုပင်ရောက်ရောက် ရဲဘော်စိတ်ဆိုသည့် သံယောဇဉ်တရား၊ မေတ္တာတရား၊ သစ္စာစောင့်သိမှုတရားများက ရည်မှန်းချက်တာဝန်များကို အောင်မြင်ပြီးမြောက်စေခြင်း၏ အခြေခံအကြောင်းတရားများပင်ဖြစ်ကြောင်း၊ မိမိတို့၏ ကာယ၊ ဉာဏ အစဉ်ကြံ့ခိုင်တောင့်တင်းမှုများသည် တိုင်းပြည်အတွက် အင်အားများပင်ဖြစ်သည်ကို နားလည်သိရှိထားကြရန် တိုက်တွန်းပြောကြားလိုကြောင်း။ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့အနေဖြင့် အာဆီယံနိုင်ငံများ စစ်မှုထမ်းဟောင်းအဖွဲ့ အဖွဲ့ဝင်အဖြစ် ထဲထဲဝင်ဝင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် လုပ်ငန်းဆောင်တာများသည် စစ်မှုထမ်းဟောင်းရေးရာများအပြင် အာဆီယံအဖွဲ့ကြီး၏ လုံခြုံရေး၊ သဘာဝဘေးကယ်ဆယ်ရေး၊ လူမှုရေး၊ စီးပွားရေးအသိုက်အဝန်းများတွင် ဆက်စပ်ဆောင်ရွက်နေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ကြီးအနေဖြင့် အာဆီယံနိုင်ငံများ စစ်မှုထမ်းဟောင်းအဖွဲ့ကြီးမှတစ်ဆင့် ဒေသတွင်း နိုင်ငံတကာအသိုင်းအဝိုင်းများကြား မိမိနိုင်ငံ၏ဂုဏ်ဒြပ်ကို ဖော်ထုတ်ပြသခြင်းဖြင့် နိုင်ငံတော်အစိုးရ၏ ပြည်ပနိုင်ငံတကာဆက်ဆံရေး လုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မှာကြားသည်။

ယခုအခါ တပ်မတော်က အငြိမ်းစားယူသည့် အရာရှိ/စစ်သည်များအတွက် စစ်မှုထမ်းဟောင်းအိမ်ရာများ ဆောက်လုပ်ပေးရာတွင် အဆင်သင့် နေထိုင်နိုင်ရေးအတွက် ပရိဘောဂများကိုပါ ထည့်သွင်းဖြည့်တင်းပေးလျက်ရှိကြောင်း၊ ထို့အပြင် အမှန်တကယ် နစ်နာမှုများနှင့်ကြုံရပြီး အမှီအခို လိုအပ်လျက်ရှိနေသည့် စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များကို ဦးစားပေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နှစ်စဉ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများကို တပ်မတော်အစီအစဉ်ဖြင့် ဂုဏ်ပြုချီးမြှင့်မှုများ ပေးအပ်ရာတွင်လည်း စစ်မှုထမ်းဟောင်း မိသားစုဝင်များ၏ သားသမီးများကိုပါ နှစ်စဉ်ဂုဏ်ပြုဆုများ ပေးအပ်လျက်ရှိကြောင်း၊ တပ်မတော်အကြီးအကဲ အစဉ်အဆက်အနေဖြင့် စစ်မှုထမ်းဟောင်း တပ်ဖွဲ့ဝင်များအပေါ်တွင် အစဉ်အသိအမှတ်ပြု လေးစားတန်ဖိုးထားလျက်ရှိပြီး အကြီးအကဲများကိုယ်တိုင် “တစ်ခါစစ်သား ထာဝရစစ်သား” ဆိုသည့် စကားတစ်ခွန်းကို နှလုံးသွင်းထားကြသည့်အတွက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအနေဖြင့် တပ်မတော်သားတစ်ဦး၏ သစ္စာကို ထာဝရ စောင့်သိလိုက်နာ ထိန်းသိမ်းသွားကြရန်လိုကြောင်း၊ တပ်မတော်သားဟောင်းများသည် တပ်မတော်၏ အစဉ်အလာကောင်းများကို ထာဝစဉ်ထိန်းသိမ်းသကဲ့သို့ စစ်မှုထမ်းဟောင်းအဖွဲ့ကြီး၏ ကောင်းမွန်သည့် ဂုဏ်သိက္ခာများကိုလည်း ဆက်လက်စောင့်ထိန်းသွားကြရန်၊ ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးလုပ်ငန်းများတွင် တပ်မတော်၏ အရန်အင်အားအဖြစ် ခိုင်ခိုင်မာမာရပ်တည်သွားကြရန်၊ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် ၇ ရပ်နှင့် လုပ်ငန်းကဏ္ဍကြီး ၅ ရပ်ကို ဆင့်ကဲဆင့်ကဲ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နှင့် အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရင်း ပြည်သူနှင့် တပ်မတော်အကြား ခိုင်မာသည့် ပေါင်းကူးအဖြစ် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်အတူ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းကြိုးစားသွားကြရန်လိုကြောင်းဖြင့် ပြောကြားခဲ့သည်ဟု သိရသည်။

မူရင်းသတင်း — Myanmar Transparency News