
သန့်ဇင် (NP News) - နိုဝင်ဘာ ၂၈
စစ်မှုထမ်းဟောင်း အိမ်ရာတွင် အမှီအခိုလိုအပ်နေသည့် စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များအား ဦးစားပေးဆောင်ရွက်ပေးနေကြောင်း မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ နာယက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပြောကြားခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယမန်နေ့(နိုဝင်ဘာ ၂၇ ရက်) နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်ရှိ ညီလာခံခန်းမ၌ကျင်းပသည့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံ(၂၀၂၆)တွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့အနေဖြင့် အာဆီယံနိုင်ငံများ စစ်မှုထမ်းဟောင်းအဖွဲ့ အဖွဲ့ဝင်အဖြစ် ထဲထဲဝင်ဝင် ပူးပေါင်းပါဝင်ဆောင် ရွက်လျက်ရှိကြောင်းနှင့် လုပ်ငန်းဆောင်တာများသည် စစ်မှုထမ်းဟောင်းရေးရာများအပြင် အာဆီယံအဖွဲ့ကြီး၏ လုံခြုံရေး၊ သဘာဝဘေး ကယ်ဆယ်ရေး၊ လူမှုရေး၊ စီးပွားရေးအသိုက်အဝန်းများတွင် ဆက်စပ်ဆောင်ရွက်နေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆိုသည်။
ထို့ကြောင့် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ကြီးအနေဖြင့် အာဆီယံနိုင်ငံများ စစ်မှုထမ်းဟောင်းအဖွဲ့ကြီးမှတစ်ဆင့် ဒေသတွင်း နိုင်ငံတကာအသိုင်းအဝိုင်းများကြား မိမိနိုင်ငံ၏ဂုဏ်ဒြပ်ကို ဖော်ထုတ်ပြသခြင်းဖြင့် နိုင်ငံတော်အစိုးရ၏ ပြည်ပနိုင်ငံတကာဆက်ဆံရေး လုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့သည်။
ယခုအခါ တပ်မတော်က အငြိမ်းစားယူသည့် အရာရှိ/စစ်သည်များအတွက် စစ်မှုထမ်းဟောင်းအိမ်ရာများ ဆောက်လုပ်ပေးရာတွင် အဆင်သင့် နေထိုင်နိုင်ရေးအတွက် ပရိဘောဂများကိုပါ ထည့်သွင်းဖြည့်တင်းပေးလျက်ရှိသည့်အပြင် အမှန်တကယ် နစ်နာမှုများ နှင့်ကြုံရပြီး အမှီအခို လိုအပ်လျက်ရှိနေသည့် စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များကို ဦးစားပေးဆောင်ရွက်ပေးလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆိုသည်။
နှစ်စဉ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများကို တပ်မတော်အစီအစဉ်ဖြင့် ဂုဏ်ပြုချီးမြှင့်မှုများ ပေးအပ်ရာတွင် လည်း စစ်မှုထမ်းဟောင်း မိသားစုဝင်များ၏ သားသမီးများကိုပါ နှစ်စဉ်ဂုဏ်ပြုဆုများ ပေးအပ်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့သည်။
တပ်မတော်အကြီးအကဲအစဉ်အဆက်အနေဖြင့် စစ်မှုထမ်းဟောင်းတပ်ဖွဲ့ဝင်များအပေါ်တွင် အစဉ်အသိအမှတ်ပြု လေးစားတန်ဖိုးထားလျက်ရှိပြီး အကြီးအကဲများကိုယ်တိုင် “တစ်ခါစစ်သား ထာဝရစစ်သား” ဆိုသည့်စကားတစ်ခွန်းကို နှလုံးသွင်းထားကြသည့်အတွက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအနေဖြင့် တပ်မတော်သားတစ်ဦး၏ သစ္စာကို ထာဝရ စောင့်သိလိုက်နာ ထိန်းသိမ်းသွားကြရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆိုသည်။