NP News

ကျန်းမာရေးဝန်ကြီး နှင့် ဒုတိယဝန်ကြီးတို့တာဝန်မှ အနားယူသည့်နေ့တွင် အမြဲတမ်းအတွင်းဝန်ကို ရာထူးမှ ထုတ်ပယ်

သုတကျော် (NP News) - နိုဝင်ဘာ ၂၈

ကျန်းမာရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး နှင့် ဒုတိယ ဝန်ကြီးတို့ တာဝန်မှအနားယူသည့်နေ့တွင် အမြဲတမ်းအတွင်းဝန်ကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း မြန်မာနိုင်ငံတော်ပြန်တမ်းတွင် ဖော်ပြထားသောအချက်အလက်များအရ သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းတို့ကို အောက်တိုဘာလ(၉)ရက်တွင် တာဝန်မှအနားယူခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ယင်းနေ့တွင်ပင် ကျန်းမာရေးဝန်ကြီးဌာန မှ အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ရဲမြင့်အား ရာထူးမှ ထုတ်ပယ်လိုက်ခြင်းဖြစ်ပြီး ပါမောက္ခ ဒေါက်တာရဲမြင့်၏ နေရာတွင် ကျန်းမာရေးဝန်ကြီး ဌာန မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုး အား အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ် ပူးတွဲ တာဝန်ပေးအပ်ထားကြောင်း သိရသည်။
ထို့ပြင် ဘဏ်၊ ငွေရေးကြေးရေးဈေးကွက်၊ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုဌာနကြီးမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခိုင်ရွှေဝါ နှင့် ကုန်သွယ်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ တို့ ကိုလည်း ရာထူးမှ ထုတ်ပယ်ခဲ့ကြောင်း မြန်မာနိုင်ငံတော် ပြန်တမ်းအရ သိရသည်။

မူရင်းသတင်း — NP News