သက်တံ့
၂၈. ၁၁. ၂၀၂၆
ပီရူးနိုင်ငံ၏ အကြီးဆုံး ကိုကာပင် စိုက်ပျိုးရာ ဒေသတစ်ခုဖြစ်သည့် အပူရီမက်၊ အီနီနှင့် မန်တာရို မြစ်ဝှမ်းဒေသ (VRAEM) အထက်တွင် သောကြာနေ့ (နိုဝင်ဘာ ၂၇ ရက်) က စစ်ဆင်ရေးတာဝန် ထမ်းဆောင်နေသည့် ပီရူးစစ်ဘက်ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လူ ၈ ဦး သေဆုံးခဲ့ကြောင်း သတင်းများအရ သိရသည်။
အဆိုပါ ရဟတ်ယာဉ် ပျက်ကျမှုနှင့် ပတ်သက်၍ ပီရူးကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
ကယ်ဆယ်ရေးအဖွဲ့များသည် ပျက်ကျသွားသည့် ရဟတ်ယာဉ်နှင့် လိုက်ပါလာသူ စစ်ဘက်ဝန်ထမ်း ၉ ဦးစလုံးကို ရှာဖွေတွေ့ရှိခဲ့သည်။ မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခြင်း မရှိသေးသည့် လေယာဉ်မှူးမှာမူ ယင်းမတော်တဆမှုတွင် တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူဖြစ်ပြီး ဆေးကုသမှုခံယူရန် ကယ်ထုတ်သွားခဲ့သည်။
ရဟတ်ယာဉ် ပျက်ကျရသည့် အကြောင်းရင်းကိုမူ ယခုအချိန်အထိ မသိရှိရသေးပေ။
ပီရူးနိုင်ငံတောင်ပိုင်း အာယာကူချို (Ayacucho) ဒေသရှိ ဆာနာဘမ်ဘာ (Sanabamba) ကျေးလက်ဒေသတွင် ရဟတ်ယာဉ် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း VRAEM အထူးကွပ်ကဲမှုဌာနချုပ်က သောကြာနေ့တွင် ထုတ်ပြန်ခဲ့သည်။
VRAEM ဒေသသည် ပီရူးနိုင်ငံ အရှေ့တောင်ပိုင်းရှိ အုပ်ချုပ်ရေးနယ်မြေ ၅ ခုကို ဖြတ်သန်းတည်ရှိနေသည့် ကျယ်ပြန့်သော တောင်ထူထပ်၍ သစ်တောဖုံးလွှမ်းရာ ဒေသတစ်ခုဖြစ်သည်။ ယင်းဒေသသည် ကိုကာပင် စိုက်ပျိုးခြင်းနှင့် ကိုကင်းမူးယစ်ဆေးဝါး ထုတ်လုပ်ခြင်းတို့အတွက် အဓိက ဗဟိုချက်နေရာလည်း ဖြစ်သည်။
ပီရူးနိုင်ငံသည် ကိုလံဘီယာနိုင်ငံပြီးလျှင် ကမ္ဘာပေါ်၌ ဒုတိယအကြီးဆုံး ကိုကင်းထုတ်လုပ်သည့် နိုင်ငံအဖြစ် သတ်မှတ်ခံထားရသည်။ လက်နက်ကိုင်အဖွဲ့များ ရှိနေခြင်းနှင့် မူးယစ်ဆေးဝါး မှောင်ခိုကူးသန်းမှုများ ဆက်လက်ဖြစ်ပွားနေခြင်းတို့ကြောင့် VRAEM ဒေသသည် ပီရူးလုံခြုံရေးတပ်ဖွဲ့ဝင်များ အဓိက စစ်ဆင်ရေးဆင်နွှဲရာ နေရာတစ်ခုအဖြစ် ဆက်လက်တည်ရှိနေသည်။
Ref: Anadolu Agency & DP