Myanmar Transparency News

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် လာအိုဝန်ကြီးချုပ် တွေ့ဆုံ၊ မြန်မာပြည်သူများသာ ဖြေရှင်းရမည့် မြန်မာ့ပြည်တွင်းရေးကို အခြားနိုင်ငံများက ဝင်ရောက်စွက်ဖက်မှုနှင့် အွန်လိုင်းငွေကြေးလိမ်လည်မှုတိုက်ဖျက်ရေး ဆွေးနွေး

MT News
၂၉. ၁၁. ၂၀၂၆

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့သို့ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယမန်နေ့ဒေသစံတော်ချိန် ညနေ ၅ နာရီခန့်တွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဆလုံဆေး ကိုမာဆစ်နှင့် တွေ့ဆုံဆွေးနွေးသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်အဖွဲ့ဝင်များအဖြစ် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး လာအိုပြည်သူ့ဒီမို ကရက်တစ် သမ္မတနိုင်ငံဝန်ကြီးချုပ်နှင့်အတူ လာအိုအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် မြန်မာ-လာအိုနှစ်နိုင်ငံသည် အိမ်နီးချင်းကောင်းနိုင်ငံ၊ မိတ်ဖက်နိုင်ငံများဖြစ်မှု ထိုသို့တွေ့ဆုံရာတွင် မိတ်ဆွေနိုင်ငံ၊ ညီအစ်ကိုနိုင်ငံများဖြစ်ကြပြီး နှစ်နိုင်ငံမဟာဗျူဟာမြောက်မိတ်ဖက် ဆက်ဆံရေးနိုင်ငံနှင့် အနီးကပ်ဆုံးယုံကြည်စိတ်ချရသည့် အခြေအနေများ၊ နှစ်နိုင်ငံသည် ကမ္ဘောဒီးယား- လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ (CLMV) ၊ မဟာမဲခေါင်ဒေသခွဲအဖွဲ့(GMS)၊ ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမဟာဗျူဟာအဖွဲ့(ACMECS) တို့တွင်လည်း အဖွဲ့ဝင်နိုင်ငံများဖြစ်မှုနှင့် နှစ်နိုင်ငံရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးတက်အောင် ဆက်လက်ဆောင်ရွက် သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံတွင် လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြုလုပ်၍ ပြည်သူများက ယုံကြည်စွာဖြင့် ရွေးချယ်တင်မြှောက်ထားသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့်အစိုးရအဖွဲ့၏ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး ဆောင်ရွက်လျက်ရှိမှုအပေါ် လာအိုနိုင်ငံအနေဖြင့် ခိုင်မာစွာယုံကြည်၍ နိုင်ငံတကာနှင့် အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံဘက်မှ ရပ်တည် ဆောင်ရွက်ပေးလျက်ရှိမှု၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ်နှင့်အညီ အာဆီယံအဖွဲ့အတွင်း အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှု၊ မြန်မာနိုင်ငံ၏အရေးကို မြန်မာပြည်သူများကသာ ဖြေရှင်း ဆောင်ရွက်ရမည်ဖြစ်ပြီး နိုင်ငံ၏ပြည်တွင်းရေးကို အခြားနိုင်ငံများက ဝင်ရောက် စွက်ဖက်ခြင်းသည် ပြည်သူများ၏ အခွင့်အရေးကို ဝင်ရောက်စွက်ဖက်ခြင်း ဖြစ်မှု၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍနှင့် အခြားကဏ္ဍပေါင်းစုံ တွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်လျက်ရှိမှု၊ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေး၊ အွန်လိုင်းငွေကြေးလိမ်လည်မှုတိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါးတားဆီး ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့် ဆောင်ရွက် သွားမည့်အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် လာအိုနိုင်ငံဝန်ကြီးချုပ်တို့သည် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် နှစ်နိုင်ငံမှ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

မူရင်းသတင်း — Myanmar Transparency News