
နိုဝင်ဘာ ၂၈ ၊ ၂၀၂၆
CC (VOM)
နေပြည်တော်က ညွှန်ကြားရေးမှူးချုပ် သုံးယောက်ကို သမ္မတရုံးက ရာထူးကနေထုတ်ပယ်လိုက်ကြောင်း အောက်တိုဘာလ ရက်စွဲနဲ့ မြန်မာနိုင်ငံတော်ပြန်တမ်းထုတ်ပြန်ချက်အရ သိရပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲမြင့်၊ ဗဟိုဘဏ်က ငွေရေးကြေးရေးဈေးကွက်၊ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုဌာနကြီး ညွှန်ကြားရေးမှူးချုပ် ဒေါ်ခိုင်ရွှေဝါကို အောက်တိုဘာ ၉ ရက်နေ့က ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရကိုတော့ ဇွန် ၂၆ ရက်နေ့ကတည်းက ရာထူးကနေထုတ်ပယ်ခဲ့တယ်လို့ ပြန်တမ်းမှာဖော်ပြထားပါတယ်။
ခုလို ညွှန်ကြားရေးမှူးချုပ်တွေ ထုတ်ပယ်ခံရတာနဲ့ပတ်သက်ပြီး အငြိမ်းစား အစိုးရဝန်ထမ်းအရာရှိ တယောက်က
” ရာထူးပြန်သိမ်းတာတော့ကြာပြီ။အခုမှပြန်တမ်းရေးက တရားဝင်ထွက်လာတော့မှ အုတ်အော်သောင်းနင်းဖြစ်ကုန်တာပေါ့။ သာမန်အားဖြင့်တော့ ထူးဆန်းတဲ့သဘောတော့ ဖြစ်တာပေါ့။လူစိတ်ဝင်စားစရာသတင်းဖြစ်သွားတာပေါ့။ ကျန်းမာရေးကတော့ ဝန်ကြီးနဲ့ဆက်စပ်ပြီးပါတဲ့သဘော။ ဗဟိုဘဏ် ဒေါ်ခိုင်ရွှေဝါကလည်း ဒေါ်သန်းဆွေနဲ့ ဆက်စပ်ပြီးပါတဲ့သဘောပေါ့။စီးကူးကတော့ တယောက်ထဲ ဖြစ်နေတာပေါ့လေ။အတွင်းကျကျကတော့ အရေးယူတဲ့သူနဲ့အရေးယူခံရသူပဲသိမယ်။” လို့ သုံးသပ်ပြောပါတယ်။
အစိုးရဝန်ထမ်းတွေအနေနနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ စည်းကမ်းချက် ၊ ပြဋ္ဌာန်းချက်တွေကို ဖောက်ဖျက်ခဲ့ရင် ကျူးလွန်တဲ့ ပြစ်မှုအပေါ်လိုက်ပြီး ဘာခံစားခွင့်မှမပေးဘဲ ရာထူးကနေထုတ်တဲ့အထိ အရေးယူတာမျိုးရှိတယ်လို့ သိရပါတယ်။
” ရာထူးကနေထုတ်ပယ်တာကတော့ မကြာခဏဖြစ်တယ်။စည်းကမ်းလိုက်နာမှုမရှိရင်လည်း ပြစ်ဒဏ်အတိုးအလျော့ရှိတယ်။ ငွေရေးကြေးရေးနဲ့ပတ်သက်ရင်လည်း ရှိတယ်။ဘယ်အမှုရယ်လို့မဟုတ်ဘူး။ သက်ဆိုင်ရာ ဝန်ကြီး ဌာနကပြဌာန်ထားတဲ့ အချက်ကို ဖောက်ဖျက်ရင် ရာထူးကနေ ချလို့ရတယ်။ ရာထူးကနေ အနားပေးလို့လည်းရတယ်။ခံစားခွင့်မရှိပဲထုတ်ပယ်လို့လည်းရတယ်။ သူလုပ်တဲ့ပြစ်မှုအပေါ်မှာ လွန်ကဲတယ် မလွန်ကဲဘူးဆိုတဲ့သုံးသပ်ချက်အပေါ်မူတည်တယ်။ ဘယ်လိုအရာလုပ်ရင် ထုတ်ပယ်တယ်ဆိုတာမျိုးမရှိပါဘူး။ ” လို့သူက ဆက်ပြောပါတယ်။
အစိုးရဘက်ကတော့ အဆိုပါ ညွှန်ချုပ်သုံးယောက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၈ နှင့် နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၆အရ ရာထူးကနေထုတ်ပယ်လိုက်တာဖြစ်ပြီး ထုတ်ပယ်ရတဲ့ အကြောင်းအရင်းကို ထုတ်ပြန်ဖော်ပြထားခြင်းမရှိပါဘူး။
အလားတူ အောက်တိုဘာ ၉ ရက်နေ့မှာပဲ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနဲ့ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းတို့ကိုပါ တာဝန်ကနေ အနားပေးခံခဲ့ရပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ (ငြိမ်း) ဒေါ်သန်းသန်းဆွေကို ချီးမြှင့်အပ်နှင်းခဲ့တဲ့ စည်သူဘွဲ့၊ သီရိပျံချီဘွဲ့နဲ့ ဝဏ္ဏကျော်ထင်ဘွဲ့တို့ကို ၂၀၀၉ ခုနှစ်၊ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်အပိုဒ် ၆၇ (င) နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၅၊ ပုဒ်မခွဲ(ခ)တို့အရ သမ္မတရုံးက ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။