NP News

တာချီလိတ်မြို့ရှိ ဟိုတယ်တစ်ခုတွင် အွန်လိုင်းလောင်းကစားလုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသား (၂၂) ဦး ဖမ်းဆီးရမိ

သန့်မင်းအိမ် (NP News) - နိုဝင်ဘာ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ Platinum Star Hotel တွင် ပြီးခဲ့သည့် နိုဝင်ဘာ (၂၇) ရက် ညပိုင်းက အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသား အမျိုးသား (၁၁) ဦးနှင့် အမျိုးသမီး (၁၁) ဦး စုစုပေါင်း (၂၂) ဦးကို ဖမ်းဆီးရမိခဲ့ကြောင်းထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ အဆိုပါနေ့ ည (၁၁) နာရီ မိနစ် (၄၀) ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က သတင်းအရ ဟိုတယ်ကို ဝင်ရောက်စစ်ဆေးခဲ့ရာ အခန်းအမှတ် (၃၀၃) နှင့် (၃၀၈) တို့၌ အွန်လိုင်းလောင်းကစားလုပ်ငန်းများ ဆောင်ရွက်နေသည့် ထိုင်းနိုင်ငံသား (၂၂) ဦးကို Laptop ရှစ်လုံးနှင့် ဖုန်း (၂၉) လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

စစ်ဆေးမေးမြန်းချက်များအရ ဖမ်းဆီးခံရသူများသည် ထိုင်းနိုင်ငံအတွင်း နေထိုင်ကြသူများဖြစ်ပြီး Line Application မှတစ်ဆင့် အလုပ်အကိုင်ရှာဖွေစဉ် နင်ဖွန်အမည်ရှိ ထိုင်းနိုင်ငံသားတစ်ဦး၏ ဆက်သွယ်ကမ်းလှမ်းမှုကြောင့် အလုပ်လက်ခံခဲ့ကြခြင်းဖြစ်ပြီးလုပ်ခလစာအဖြစ် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၁၅၀၀၀ ပေးမည်ဟု ကမ်းလှမ်းခဲ့ပြီး တာချီလိတ်မြို့ရှိ Platinum Star Hotel သို့ ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် (TBP) ဖြင့် ဝင်ရောက်လာခဲ့ကြခြင်းဖြစ်ကြောင်းထုတ်ပြန်ချက်အရ သိရသည်။
၎င်းတို့သည် UFABET888 နှင့် g2g888 အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်များတွင် Customer Service ဝန်ထမ်းများအဖြစ် လုပ်ကိုင်ခဲ့ကြပြီး Telegram နှင့် Viber တို့မှ AI Chat Bot စနစ်အသုံးပြု၍ စိတ်ဝင်စားလာသူများထံ စာတိုများပေးပို့ခြင်း၊ လောင်းကစားလင့်ခ်များ မျှဝေ၍ ကစားရန် ဆွဲဆောင်ခြင်း၊ ဝက်ဘ်ဆိုက်အသုံးပြုပုံ၊ ငွေသွင်းနည်းလမ်းနှင့် အကောင့်ဆိုင်ရာပြဿနာများကို ဖြေရှင်းပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် လောင်းကြေးမှတ်တမ်းများ စစ်ဆေးခြင်း၊ အသုံးပြုသူများ၏ အခက်အခဲများကို မှတ်တမ်းတင်ခြင်းနှင့် နေ့စဉ်အစီရင်ခံစာများ ပြုစုခြင်းတို့ကိုလည်း လုပ်ကိုင်ခဲ့ကြပြီး ငွေလက်ခံခြင်းနှင့် အလျော်အစားပေးချေခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း ၎င်းတို့ကထွက်ဆိုထား ကြောင်းထုတ်ပြန်ချက်အရသိရသည်။
ဖမ်းဆီးရမိသူများကို တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မူရင်းသတင်း — NP News