Kanbawza Tai News

ရွှေညောင်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ဖမ်းမိ

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ‌ရွှေညောင်မြို့တွင် ယမန်နေ့ နိုဝင်ဘာလ ၂၈ ရက်၊ ညနေပိုင်းက အမျိုးသားတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တောင်ကြီးခရိုင် မှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ ယမန်နေ့ နိုဝင်ဘာလ ၂၈ ရက်၊ ညနေ ၃ နာရီခွဲခန့်က ရွှေညောင်မြို့၊ တောင်လေးလုံးကျေးရွာအုပ်စု၊ ဖက်နမ်ကျေးရွာ၊ လယ်တော သွားလမ်းပေါ်တွင် ပိတ်ဆို့စစ်ဆေး ရှာဖွေနေစဉ် ယင်းအမျိုးသားကို စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသူမှာ နိုင်လင်းထက် (ခ) လေးဖြူဆိုသူဖြစ်ကြောင်း သိရပြီး ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ WY စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ပြား၊ အလေးချိန် ၉၀၀ ဂရမ်ခန့်အား ရှာဖွေတွေ့ရှိ သိမ်းဆည်း ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူက Royal Taunggyi မှာ မိတုန်းကလည်း ပါတယ်။ တခြားအမှုတွေလည်း တော်တော်များများမှာ ပါတယ်။ ဒါပေမဲ့ လက်ဝယ်မိတာ မဟုတ်တော့ လွတ်လွတ်နေတာပေါ့။ အခုတော့ လက်ဝယ်မိတာပါ” ဟု သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူ နိုင်လင်းထက် (ခ) လေးဖြူ အား ရွှေညောင်နယ်မြေ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Kanbawza Tai News