Kanbawza Tai News

မတည်ငြိမ်မှုတွေကြောင့် ကမ္ဘာ့ဖက်ရှင်ကုမ္ပဏီတွေ ဘင်္ဂလားဒေ့ရှ်က အော်ဒါတွေကို အိန္ဒိယဘက် ပြောင်းရွှေ့

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်

Zara ၊ H&M အပါအဝင် ကမ္ဘာ့ဖက်ရှင်ကုမ္ပဏီတွေဟာ ဘင်္ဂလားဒေ့ရှ်မှာ အလုပ်သမားဆန္ဒပြမှုတွေကြောင့် ထုတ်လုပ်မှု တွေ ထိခိုက်လာတာနဲ့ ကုန်ကျစရိတ်တွေ မြင့်တက်လာတာကြောင့် အော်ဒါတချို့ကို အာရှနိုင်ငံတွေဘက် ပြောင်းရွှေ့ နေပါတယ်။

နိုဝင်ဘာ ၁ ရက်ကနေ ၁၈ ရက်အတွင်း ဘင်္ဂလားဒေ့ရှ်က အော်ဒါ ဒေါ်လာ ၂၅၄ သန်းဖိုးလောက်ကို တခြားနိုင်ငံတွေ ဘက် ပြောင်းရွှေ့ခဲ့ပြီး အများစုက အိန္ဒိယကို ရောက်သွားတယ်လို့ စက်ရုံပိုင်ရှင်တွေ က ပြောပါတယ်။ ဒီပမာဏဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ တစ်လစာအော်ဒါရဲ့ ၁၀ ရာခိုင်နှုန်းနီးပါးရှိပါတယ်။

ဘင်္ဂလားဒေ့ရှ် အထည်ချုပ်လုပ်ငန်းက နိုင်ငံရဲ့ ပို့ကုန်ဝင်ငွေ ၈၀ ရာခိုင်နှုန်းကျော်နဲ့ ထုတ်လုပ်ရေး အလုပ်အကိုင် ၄၀ ရာခိုင်နှုန်းနီးပါးကို ပံ့ပိုးပေးနေတဲ့ အဓိကလုပ်ငန်းတစ်ခုပါ။ အခုဆန္ဒပြမှုတွေကြောင့် ထုတ်လုပ်မှုဆုံးရှုံးမှုက ဒေါ်လာ သန်း ၄၀၀ ကျော်ရှိနေတယ်လို့ ဘင်္ဂလားဒေ့ရှ် အထည်ချုပ် ထုတ်လုပ်သူနဲ့ ပို့ကုန်တင်ပို့သူများအသင်း ( BGMEA) က ပြောပါတယ်။

အိန္ဒိယက အော်ဒါပြောင်းရွှေ့မှုမှာ အများဆုံးရရှိနေတဲ့နိုင်ငံဖြစ်ပြီး ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ အင်ဒိုနီးရှားတို့ကိုလည်း ဝယ်သူတွေက စဉ်းစားလာကြပါတယ်။ ရည်ရွယ်ချက်ကတော့ ထောက်ပံ့ရေး ကွင်းဆက်အန္တရာယ်ကို လျှော့ချပြီး ပစ္စည်းပို့ဆောင်ချိန် ပိုကောင်းလာဖို့ ဖြစ်ပါတယ်။

နိုဝင်ဘာ ၂၅ ရက်မှာ ဘင်္ဂလားဒေ့ရှ်က အထည်ချုပ်အလုပ်သမားတွေရဲ့ အနည်းဆုံးလုပ်ခကို ၃၆ ရာခိုင်နှုန်း တိုးမြှင့်ဖို့ အတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ အလုပ်သမားတွေ တောင်းဆိုထားတဲ့ လစာနှစ်ဆ ကျော် တိုးပေးဖို့နဲ့ မကိုက်ညီတာ ကြောင့် ရဲတပ်ဖွဲ့နဲ့ ထပ်မံပဋိပက္ခဖြစ်ခဲ့ပါတယ်။ အဲဒီလစာတိုးမှုက လွန်ခဲ့တဲ့ နှစ် ၄၀ အတွင်း အနည်းဆုံး တိုးမြှင့်မှုလည်း ဖြစ်ပါတယ်။

စက်ရုံပိုင်ရှင်တွေကတော့ လုပ်ခ၊ လျှပ်စစ်နဲ့ ကုန်ကြမ်းစရိတ်တွေ မြင့်လာတာကြောင့် ဘင်္ဂလားဒေ့ရှ်ရဲ့ အရင်လို ကုန်ကျစရိတ်သက်သာတဲ့ အားသာချက်က လျော့လာနေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် လျှပ်စစ်မီးပြတ်တောက်မှု တွေကြောင့် စက်ရုံတချို့က ပိုကုန်ကျတဲ့ အခြားလျှပ်စစ်ရင်းမြစ်တွေကို အသုံးပြုနေရပါတယ်။

ဖက်ရှင်ကုမ္ပဏီတွေက အခုအချိန်မှာ ဈေးနှုန်းထက် အော်ဒါအချိန်မီ ပို့နိုင်ဖို့ကို ပိုအရေးထား လာကြ ပါတယ်။ အိန္ဒိယ က ဘင်္ဂလားဒေ့ရှ်ထက် တစ်ပတ်လောက် ပိုမြန်အောင် ပို့ပေးနိုင်ပြီး ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားကတော့ ၁၅ ရက်အထိ ပိုမြန်နိုင်တယ်လို့ BGMEA တာဝန်ရှိသူက ပြောပါတယ်။

ပြိုင်ဘက်နိုင်ငံတွေမှာ ထုတ်လုပ်မှုနဲ့ ပို့ဆောင်မှုကို ရက် ၆၀ ကနေ ၉၀ အတွင်း ပြီးစီးနိုင်ပေမဲ့ ဘင်္ဂလားဒေ့ရှ်မှာတော့ ရက် ၁၂၀ လောက် ကြာတတ်ပါတယ်။ ဒါကြောင့် လက်ရှိပြောင်းရွှေ့သွားတဲ့ အော်ဒါတွေဟာ ယာယီသာမက နောက်ပိုင်းမှာ ရေရှည်အော်ဒါတွေပါ ဆုံးရှုံးသွားနိုင်တာကို စက်ရုံပိုင်ရှင်တွေက စိုးရိမ်နေကြပါတယ်။

Ref – CNA

မူရင်းသတင်း — Kanbawza Tai News