NP News

မြဝတီတွင် အွန်လိုင်လိမ်လည်လုပ်ငန်းလုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသား အပါအဝင် မြန်မာနိုင်ငံသား (၈၀၀)ကျော်ကို လုပ်ငန်းဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းမိ

ထိုက်စံ (NP News) - နိုဝင်ဘာ ၂၉

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် အွန်လိုင်လိမ်လည်လုပ်ငန်းလုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသားအပါအဝင် မြန်မာနိုင်ငံသား (၈၀၀)ကျော်ကို လုပ်ငန်းဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ထုတ်ပြန်ထားချက်အရ သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့များသည် ပြီးခဲ့သည့်(နိုဝင်ဘာ ၂၇ ရက်) နံနက် (၁၁) နာရီခန့်တွင် မြဝတီမြို့ အမှတ်(၅)ရပ်ကွက် ဖားခြောက်ကောင်လမ်းရှိ Grand Myawaddy ဟိုတယ်အတွင်း သတင်းအရ ရှာဖွေစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ လောင်းကစားဝိုင်း(ကာစီနို)များ ကျူးလွန်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား အမျိုးသား (၈) ဦးနှင့် အမျိုးသမီး (၇၁) ဦး ၊တရားမဝင် ထိုင်းနိုင်ငံသား အမျိုးသား (၂၇၂) ဦးနှင့် အမျိုးသမီး (၃၂၁) ဦး စုစုပေါင်း (၅၉၃) ဦးတို့ကို လောင်းကစားမှုများလုပ်ကိုင်ရာတွင် အသုံးပြုသည့် Laptop (၁၈၅) လုံး၊ All in One ကွန်ပျူတာ (၁၉၂) လုံး၊ မော်နီတာ (၄၀) လုံး၊ CPU (၄၀) လုံးနှင့် ကွန်ပျူတာဆက်စပ် ပစ္စည်းများ၊ ဖုန်းမျိုးစုံ (၃၄၅) လုံး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် မြဝတီမြို့ အမှတ်(၅) ရပ်ကွက်ရှိ Myawaddy Complex အမည်ရှိ နေရာအား ဝင်ရောက်စစ်ဆေးခဲ့ရာ အဆိုပါလောင်းကစားရုံအတွင်းမှ All in One ကွန်ပျူတာ (၁၀) လုံး၊ မော်နီတာ (၅၀) လုံး၊ CPU (၅၀) လုံး UPS (၁၀) လုံးနှင့် ကွန်ပျူတာ ဆက်စပ်ပစ္စည်းများ၊ ဖုန်းမျိုးစုံ (၁၀) လုံးနှင့် ဖဲကစားခုံ (၂) ခုံတို့ကို ပိုင်ရှင်မဲ့တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပူးပေါင်းအဖွဲ့များသည် မြဝတီမြို့အတွင်းရှိ ရပ်ကွက်များနှင့်လမ်းဆုံနေရာများတွင် လိုအပ်သည့်ရှာဖွေပိတ်ဆို့စစ်ဆေးခြင်းများဆောင်ရွက်နေစဉ် အမှတ်(၅)ရပ်ကွက် ဝါးတောလမ်းနေရာတစ်ဝိုက်၌ မသင်္ကာဖွယ်မီးရောင်များတွေ့ရှိရသဖြင့် သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ နိုဝင်ဘာ (၂၈) ရက်က ထိုင်းနိုင်ငံသား အမျိုးသား (၅၅) ဦး၊ အမျိုးသမီး (၂၀) ဦးကို လည်းကောင်း၊ ထိုင်းနိုင်ငံသား အမျိုးသား (၅၃) ဦး၊ အမျိုးသမီး (၂၅) ဦးကိုလည်းကောင်း၊ ထိုင်းနိုင်ငံသား အမျိုးသား (၆၂) ဦး၊ အမျိုးသမီး (၂၂) ဦးကိုလည်းကောင်း စုစုပေါင်း ထိုင်းနိုင်ငံသား အမျိုးသား (၁၇၀) ဦး၊ အမျိုးသမီး (၆၇) ဦး စုစုပေါင်း (၂၃၇) ဦးတို့ကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ လောင်းကစားမှုများလုပ်ကိုင်ခဲ့သည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မူရင်းသတင်း — NP News