Positive Angle News

ပဲခူးမြို့ရှောင်လမ်းတွင် Hilux ယာဉ် တံတားအောက်ထိုးကျတိမ်းမှောက်၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် သေဆုံး

(မှုခင်း) နိုဝင်ဘာ ၂၉

ပဲခူးမြို့၊ ကမာနတ်ကျေးရွာအနီး အရှေ့မြို့ရှောင်လမ်းပေါ်တွင် Toyota Hilux ယာဉ်တစ်စီး တံတားအုတ်ခုံကို ဝင်တိုက်ပြီး တံတားအောက်သို့ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသသတင်းများအရ သိရသည်။

အဆိုပါဖြစ်စဉ်သည် နိုဝင်ဘာ ၂၈ ရက် ည ၁၁ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကလိကျေးရွာဘက်မှ မြို့ဦးကင်းတံတားဘက်သို့ မောင်းနှင်လာသည့် အဖြူရောင် Toyota Hilux ယာဉ်အမှတ် M-6928 သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်ရှိ တံတားအုတ်ခုံကို ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။

ယာဉ်ကို အသက် ၃၂ နှစ်အရွယ် ဝင်းထွန်းလင်းက မောင်းနှင်ပြီး အသက် ၁၇ နှစ်အရွယ် ကောင်းမြတ်သူ လိုက်ပါလာကာ တံတားအုတ်ခုံကို တိုက်မိပြီးနောက် အနက် ၁၀ ပေခန့်ရှိ တံတားအောက်သို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ နှစ်ဦးစလုံး နေရာတွင်ပင် သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မူရင်းသတင်း — Positive Angle News