
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီမြို့နယ်၊ အေးသာယာမြို့နေ မိန်းကလေးတစ်ဦး နိုဝင်ဘာလ ၂၄ ရက်၊ တန်ဆောင်မုန်းလပြည့် ညပိုင်းက တောင်ကြီးတန်ဆောင်တိုင်ပွဲ သွားရောက်လည်ပတ် ရာမှ ပျောက်ဆုံးနေကြောင်း သိရသည်။
ပျောက်ဆုံးနေသူမှာ အေးသာယာမြို့၊ အမှတ် (၁၀) ရပ်ကွက်နေ မနှင်းအိလှိုင် ဆိုသူဖြစ်ပြီး အိမ်ထောင်ရှိ အမျိုးသမီး တစ်ဦးဖြစ်ကာ ယနေ့အချိန်အထိ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိဘဲ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။
“၂၄ ရက်ညက ပွဲထဲမှာ စတိတ်ရှိုးခုံဘက် အလည်သွားရင်း သူ့တစ်ယောက်ထဲ လူကွဲပြီး ပျောက်သွားတာပါ” ဟု ပျောက်ဆုံးနေသူ မနှင်းအိလှိုင်၏ မိသားစုဝင်တစ်ဦးက ပြောသည်။
အဆိုပါ ပျောက်ဆုံးနေသူ မနှင်းအိလှိုင်အား တွေ့ရှိပါက ဖုန်းနံပါတ် ၀၉ ၇၉၁ ၂၂၀ ၂၉၂ သို့ ဆက်သွယ် အကြောင်းကြားပေးရန် မိသားစုဝင်များက မေတ္တာရပ်ခံထားသည်။
ယင်းမိန်းကလေးငယ်အပြင် တောင်ကြီးတန်ဆောင်တိုင်ပွဲ သွားရောက်လည်ပတ်ရာမှ ပျောက်ဆုံးနေသူအချို့လည်း ရှိပြီး ညောင်ရွှေမြို့မှ အမျိုးသား ၂ ဦးနှင့် ဟိုပုံးမြို့မှ မိန်းကလေးငယ်တစ်ဦးတို့လည်း ယနေ့အချိန်အထိ အဆက်အသွယ် မရ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။