NP News

အလှပြင်ဆိုင်အသစ်များ တိုးချဲ့ဖွင့်လှစ်လာသော်လည်း ပိတ်သိမ်းရသည့် အလှပြင်ဆိုင်များစွာ ရှိနေ

ထိုက်စံ (NP News)- နိုဝင်ဘာ ၂၉
အလှပြင်ဆိုင်အသစ်များ တိုးချဲ့ဖွင့်လှစ်လာသော်လည်း ကုန်စျေးနှုန်းအခြေအနေကြောင့် ပိတ်သိမ်းရသည့် အလှပြင်ဆိုင်များစွာ ရှိနေကြောင်း အလှပြင်လုပ်ငန်းရှင်တစ်ဦးက The Statesman ဂျာနယ်သို့ ပြောသည်။
“ဆိုင်တွေကများလာတာတော့ ဟုတ်တယ်။ ဒါပေမဲ့ ဆိုင်ဖြုတ်သွားတာတွေလဲ အများကြီးရှိတယ်ပေါ့နော်။ ကုန်ဈေးနှုန်းတွေက အရမ်းမြင့်လာတဲ့ အခါကျတော့လေ။ တချို့ကျတော့လည်း ရတာနဲ့ ပြန်ပြီးတော့ သုံးရ၊ ဝယ်ရတာနဲ့ မကာဘူးပေါ့နော်။ အဲဒီအခါကျတော့လည်း အရမ်းကြီးတောင့်ခံနိုင်မှ အဆင်ပြေမယ့် သဘောရှိတယ်။ တောင့်မခံနိုင်တဲ့ အခါကျတော့လည်း ဖြုတ်လိုက်ကြတာတွေ ရှိတယ်ပေါ့။ အလှပြင်ဆိုင် တွေက ဖွင့်လာတဲ့ ဆိုင်တွေကလည်း များသလို၊ နောက်ကွယ်မှာ ပိတ်သွားတဲ့ အလှပြင်ဆိုင်တွေကလည်း များတယ်”ဟု ၎င်းကပြောသည်။
ထို့ပြင် အလှပြင်ဆိုင်ဖွင့်လှစ်မှုများအနက် အလှပြင်ပညာ မပြည့်ဝမီ ဆိုင်ဖွင့်လှစ်မှုများရှိသောကြောင့် ရေရှည်ရပ်တည်နိုင်ခြင်း မရှိဘဲ ပိတ်ရခြင်းများလည်း ရှိကြောင်း သိရသည်။
“တော်တော်များများက ဘာဖြစ်လာလဲဆို ဒီလောကထဲကို ပညာအရ ပြောမယ်ဆိုရင် ပညာဒီနေ့လိုချင်တယ်ဆို နောက်နေ့ဆို ဆိုင်ဖွင့် အဲဒီလိုမျိုးတွေလည်း ပိုများလာတာပေါ့။ အမတို့ ခတ်တုန်းက ကျတော့ အကုန်လုံးက ဆရာ့နားမှာနေ ပြီးကျတော့ တကယ့်ကို ပညာရည်ဝလာတော့မှ ဆိုင်ဖွင့်ကြတဲ့လူတွေပေါ့။ အခုကျ‌တော့ အဲဒီလို မဟုတ်တော့ဘူး။ ဒီနေ့ သင်တန်းဆင်း မနက်ဖြန် ဆိုင်တန်းဖွင့် အဲဒီလို လူမျိုးတွေများတယ်။ ရေရှည်ရပ်တည်ဖို့ ကျတော့ အရင်က သူတွေနဲ့ မတူဘူးပေါ့နော်။ အခုတော်တော်များများက ဖွင့်လာတာများလာတာနဲ့ အပြင် ရေရှည်မရပ်တည်နိုင်တဲ့ အခါကျတော့ ခဏတဖြုတ်နဲ့ ဆိုင်ပြန်ဖြုတ်သွားတာတွေလည်း အများကြီးရှိတယ်”ဟု ၎င်းကပြောသည်။
လက်ရှိ အလှပြင်လုပ်ငန်းများတွင် လာရောက်သည့် Caustomများသည် ယခင်ကထက်(၄၀)ရာခိုင်နှုန်း လျော့နည်းသွားကြောင်း ၎င်းကဆိုသည်။
“အလှပြင်ဆိုင်ကိုလာတဲ့သူတွေရှိတယ်။ ဒါပေမဲ့ လျော့သွားတာပေါ့။ ကျောင်းဖွင့်ရာသီဆိုရင် သာမန်ကျတော့ ကလေးတွေ ကျောင်းစရိတ်ကို ပြန်ပြီးကြည့်ရတဲ့ အတွက်ကြောင့် ဒီဘက်အပိုင်းမှာ နည်းသွားတယ်။ ဒါကတော့ ထုံးစံအတိုင်းပဲ။ နောက်တစ်ခုကျတော့ မိုးရာသီမှာ လုပ်ငန်းတွေပါးတယ်။ ဒီဘက်ထဲကို ဝင်ငွေစီးဆင်းမှုက လျော့နည်းသွားတယ်။ အဲဒီလိုမျိုး ရှိတာပေါ့။ ဒါပေမဲ့ ဟိုးအရင်ကထက်စာရင်တော့ (၁၀၀)ရာခိုင်နှုန်းမှာ (၄၀)ရာခိုင်နှုန်းလောက်က ပါးသွားတာပေါ့။ ဝင်ငွေစီးဆင်းမှု နည်းသွားတာပေါ့”ဟု ၎င်းကပြောသည်။
ထို့ပြင် အလှပြင်ဆိုင်လုပ်ငန်းများနှင့် ပတ်သက်၍ အခက်အခဲများ ရှိကြောင်းလည်း ၎င်းကဆိုသည်။
“ဒီ Beauty Salon ပိုင်းနဲ့ ပတ်သက်ပြီးတော့ ငွေရတယ်ဆိုတာက အလွယ်တကူမြင်ကြတာပေါ့။ မြင်ကြတဲ့ အခါကျတော့ ဒီအပိုင်းထဲကို တိုးဝင်လာကြတာပေါ့။ ဒါပေမဲ့ ဒီအပိုင်းထဲမှာ ပင်ပန်းတာတွေ၊ သည်းခံရတာတွေ၊ Customer ကို Service ပေးရတဲ့ အပိုင်းတွေ မြင်သွားတဲ့ အခါကျတော့ တချို့ကျတော့လည်း အလွယ်တကူ ဆိုင်ဖြုတ်လိုက်တာတွေရှိတာပေါ့။ အများအမြင်မှာကတော့ ဆိုင်အသစ်တွေဖွင့်တယ်။ ဆိုင်တွေ တိုးလာတယ်လို့ မြင်ကြတာပေါ့။ ဒီလုပ်ငန်းက အရမ်းအောင်မြင်တယ်လို့ ထင်ကြပေမယ့် နောက်ကွယ်မှာ ဆိုင်တွေ ဖြုတ်သွားတဲ့ သူတွေ တစ်ပုံကြီး ရှိပါတယ်။ အဲဒီအခါကျတော့ တိုးတက်လာတယ်လို့လည်း မပြောလို့မရဘူးပေါ့နော်။ နောက်ကွယ်မှာ ရှိတဲ့ ဟာတွေလည်း ရှိကြတဲ့အခါကျတော့ ပုံမှန်လို့ပဲ ထင်ပါတယ်”ဟု ၎င်းကပြောသည်။

မူရင်းသတင်း — NP News