
ဂျန်ဇက် (NP News)- နိုဝင်ဘာ ၂၉
ဟနွိုင်း (၁၂) ကြိမ်မြောက် CLMV ထိပ်သီးအစည်းအဝေးက “နိုင်ငံလေးနိုင်ငံ၊ ခရီးစဉ်တစ်ခုတည်း”မျှော်မှန်းချက်ကို ရှေ့သို့တိုးမြှင့်ပြီး ဗီယက်နမ်-မြန်မာ ဆက်ဆံရေးတွင် ကဏ္ဍသစ်တစ်ခု ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်းသိရသည်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ဗီယက်နမ်ဝန်ကြီးချုပ် လေမင်းဟုန်း သည် ဟနွိုင်းမြို့၌ ကျင်းပသည့် (၁၂) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် (CLMV) ထိပ်သီးအစည်းအဝေးကို သဘာပတိအဖြစ် ဦးဆောင်ကျင်းပခဲ့ပြီး နိုင်ငံလေးနိုင်ငံမှ ခေါင်းဆောင်များသည် မဲခေါင်ဒေသခွဲကို ဒေသတွင်း ထောက်ပံ့ပို့ဆောင်ရေးဗဟိုချက်တစ်ခု ဖြစ်လာစေရန် ရည်ရွယ်၍ ၂၀၂၇-၂၀၂၈ ခုနှစ်အတွက် ဦးစားပေးအဖြစ် စီးပွားရေးစင်္ကြံများအကြား ပိုမိုခိုင်မာသော ဆက်သွယ်ချိတ်ဆက်မှုများ ဖော်ဆောင်ရန် သတ်မှတ်သည့် ပူးတွဲကြေညာချက်တစ်ရပ်ကို အတည်ပြုခဲ့ကြောင်းသိရသည်။
မြန်မာအပါအဝင် အဖွဲ့ဝင်နိုင်ငံများသည် သယ်ယူပို့ဆောင်ရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့်အတူ နိုင်ငံလေးနိုင်ငံသည် ပြည်သူအချင်းချင်း ကူးလူးဖလှယ်မှုများ တိုးချဲ့ရန်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွင် ပူးပေါင်းဆောင်ရွက်ရန်နှင့် မဲခေါင်မြစ်၏ ရေအရင်းအမြစ်များကို မျှတပြီး ရေရှည်တည်တံ့စွာ စီမံခန့်ခွဲနိုင်ရေးအတွက် ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ထိပ်သီးအစည်းအဝေးက ဗီယက်နမ်နိုင်ငံမှ အဆိုပြုသော အစီအစဉ်နှစ်ခုကို ထောက်ခံအတည်ပြုခဲ့ကြောင်းသိရသည်။
ထုတ်ပြန်ချက်တွင် နိုင်ငံလေးနိုင်ငံ စမတ်ကုန်းတွင်းဆိပ်ကမ်း စင်္ကြံ” အစီအစဉ်သည် ကုန်းတွင်းကုန်စည်ဗဟိုချက်များကို ချိတ်ဆက်ရန်နှင့် နယ်စပ်ဖြတ်ကျော် ကုန်စည်စီးဆင်းမှုများ လွယ်ကူချောမွေ့စေရန် ရည်ရွယ်ကြောင်းlCLMV ယဉ်ကျေးမှုအမွေအနှစ် ခရီးစဉ်” (CLMV Heritage Journey) အစီအစဉ်သည် ခရီးသွားလုပ်ငန်းဝန်ဆောင်မှုပေးသူများအား နိုင်ငံလေးနိုင်ငံလုံးရှိ ယဉ်ကျေးမှုဆိုင်ရာ ခရီးစဉ်ဒေသများကို ခရီးစဉ်တစ်ခုတည်းအဖြစ် ပေါင်းစည်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းကို ပေးအပ်ကြောင်း ဖော်ပြထားသည်။
ခေါင်းဆောင်များသည် သဘောတူညီထားသော ဦးစားပေးလုပ်ငန်းများကိုအကောင်အထည်ဖော်ရန် အစီအစဉ်များ ရေးဆွဲရေး၊ တာဝန်ခံအဖွဲ့အစည်းများ သတ်မှတ်ရေး၊ အချိန်ကာလများ သတ်မှတ်ရေး၊ မည်သည့်အရင်းအမြစ်များ လိုအပ်မည်ကို ဆုံးဖြတ်ရေးနှင့် တိုးတက်မှုကို ပုံမှန်ပြန်လည်သုံးသပ်ရေးတို့အတွက် ဝန်ကြီးများကို တာဝန်ပေးအပ်ခဲ့ကြောင်းသိရသည်။
ဗီယက်နမ်နိုင်ငံသည် ခိုင်မာသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နောက်ခံအခြေအနေအောက်တွင် ၂၀၂၆ ခုနှစ်အတွက် CLMV ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်နေခြင်း ဖြစ်သည်။
၂၀၂၅ ခုနှစ်တွင် ၎င်း၏ ပြည်တွင်းအသားတင် ထုတ်ကုန် (GDP)သည်တိုးတက်ခဲ့ပြီး နိုင်ငံစီးပွားရေးကအမေရိကန်ဒေါ်လာ ၅၁၄ ဘီလီယံအထိ ရောက်ရှိစေခဲ့ကြောင်းသိရသည်။
၂၀၂၆ ခုနှစ် ပထမကိုးလအတွင်း GDP သည် နှစ်အလိုက် ခန့်မှန်းခြေ ၉.၀၁% တိုးတက်ခဲ့ပြီး စက်မှုနှင့် ဆောက်လုပ်ရေးကဏ္ဍများက တိုးတက်မှုအတွက် အကြီးမားဆုံး ပံ့ပိုးပေးခဲ့သည်။ ထိပ်သီးအစည်းအဝေး အစီအစဉ်များအပြင် ဗီယက်နမ်နိုင်ငံသည် ဒေသတွင်းနိုင်ငံများအကြား ပိုမိုကျွမ်းကျင်သော လုပ်သားအင်အား ဖွံ့ဖြိုးလာစေရန် အထောက်အကူပြုနိုင်ရေးအတွက် သက်မွေးပညာသင်တန်းများနှင့် ဘွဲ့လွန်ပညာသင်ကြားမှုများ ပါဝင်စေရန် ၎င်း၏ CLMV ပညာသင်ဆုအစီအစဉ်ကို တိုးချဲ့ပေးသွားမည်ဟု ကတိပြုခဲ့ကြောင်းသိရသည်။
ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့သည် ရာစုနှစ်တစ်ဝက်ကျော်ကြာ သံတမန်ဆက်ဆံရေးမှတစ်ဆင့် ရင်းနှီးသော မိတ်ဖက်ဆက်ဆံရေးကို တည်ဆောက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါမိတ်ဆွေရင်းချာမှုမှာ ၂၀၂၅ ခုနှစ်၊ မတ်လအတွင်း မြန်မာနိုင်ငံ၌ လှုပ်ခတ်ခဲ့သော ငလျင်နောက်ပိုင်းတွင်လည်း ထင်ရှားစွာ ပေါ်လွင်ခဲ့ပြီးဗီယက်နမ်သည် ကယ်ဆယ်ရေးလုပ်ငန်းများတွင် ကူညီရန် စစ်ဘက်နှင့် ရဲတပ်ဖွဲ့ဝင်များ ကို စေလွှတ်ခဲ့ပြီး အရေးပေါ်အကူအညီအဖြစ် အမေရိကန်ဒေါလာ ၃၀၀,၀၀၀ ပံ့ပိုးပေးခဲ့ကြောင်းသိရသည်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလအတွင်း ဗီယက်နမ်သို့ သွားရောက်ခဲ့သော တရားဝင်ခရီးစဉ်အတွင်း မြန်မာသမ္မတ ဦးမင်းအောင်လှိုင်သည် ပါတီအထွေထွေအတွင်းရေးမှူးနှင့် နိုင်ငံတော်သမ္မတ တိုလမ် နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဝန်ကြီးချုပ် လေမင်းဟုန်းနှင့်လည်း တွေ့ဆုံခဲ့သည်။
အဆိုပါ ခရီးစဉ်သည် ၂၀၂၇ ခုနှစ်တွင် ကျရောက်မည့် နှစ်နိုင်ငံ၏ ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးဆယ်နှစ်ပြည့် နှစ်ပတ်လည်မတိုင်မီ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
နှစ်နိုင်ငံစလုံးသည် ၂၀၁၉ ခုနှစ်တွင် ကျော်လွန်ခဲ့ဖူးသော နှစ်နိုင်ငံကုန်သွယ်မှုပမာဏဖြစ်သည့် အမေရိကန်ဒေါ်လာ ၁ ဘီလီယံအဆင့်သို့ ပြန်လည်ရောက်ရှိစေရန် ရည်မှန်းထားကြောင်းသိရသည်။