
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်
ရှမ်းသက္ကရာဇ် ၂၁၂၁ ခုနှစ် နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်အဖြစ် တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းအတွင်း ညမီးကြီးနှင့် စိန်နားပန် မီးပုံးပျံများ လွှတ်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် မီးပုံးပျံများ လွှတ်နိုင်ရေးအတွက် ယနေ့ နိုဝင်ဘာလ ၂၉ ရက်၊ နေ့လယ်ပိုင်းက တောင်ကြီးမြို့၊ ကံရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ရှမ်းပြည်နယ်ရိုးရာမီးပုံးပျံပညာရှင်များအသင်းနှင့် မီးပုံးပျံ လွှတ်တင်မည့်အဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။
လွှတ်တင်မည့် မီးပုံးပျံ စာရင်းများကို ဒီဇင်ဘာ ၂ ရက်အထိ ကောက်ခံသွားမည်ဖြစ်ပြီး ယနေ့ နိုဝင်ဘာ ၂၉ ရက်၊ ညနေပိုင်းအထိ လက်ခံရရှိထားသည့် စာရင်းများအရ ညမီးကြီးမီးပုံးပျံ ၅ လုံး၊ စိန်နားပန်မီးပုံးပျံ ၁၀ လုံးနှင့် နေ့လွှတ်အရုပ် ၃၄ လုံး၊ စုစုပေါင်း ၄၉ လုံး ရှိပြီဖြစ်ကြောင်း သိရသည်။
ရှမ်းနှစ်သစ်ကူးပွဲတော်ကို ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းခန်းမနှင့် အဝေရာကုန်းသာယာ မီးပုံးပျံကွင်း တို့တွင် လာမည့် ဒီဇင်ဘာ ၇ ရက်မှ ဒီဇင်ဘာ ၁၀ ရက်အထိ လေးရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
နှစ်သစ်ကူးပွဲတော်အတွင်း ပြည်တွင်းရှိ ရှမ်းတိုင်းရင်းသား လူမျိုးစုများအပြင် တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံများမှ ရှမ်းမျိုးနွယ်ဝင် တိုင်းရင်းသား ကိုယ်စားလှယ်အဖွဲ့များကိုလည်း ဖိတ်ကြားထားပြီး ရှမ်းတိုင်းရင်းသားတို့၏ ဓလေ့ ထုံးစံများကို အပြန်အလှန် ဖလှယ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းနှစ်သစ်ကူးပွဲတော်ကို ဗဟိုအဆင့်အဖြစ် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က တောင်ကြီးမြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ၇ နှစ်အကြာ ယခု ၂၀၂၆ ခုနှစ်တွင် တောင်ကြီးမြို့၌ ပြန်လည်ကျင်းပနိုင်ခြင်းဖြစ်ကြောင်း သိရဿည်။
အဆိုပါ ရှမ်းနှစ်သစ်ကူးပွဲတော်အား ကမ္ဘောဇတိုင်းမှ တိုက်ရိုက်ထုတ်လွှင့် တင်ဆက်နိုင်ရေးအတွက် စီစဉ်နေလျက် ရှိပြီး ပွဲတော်ကျင်းပရေးဦးစီးကော်မတီနှင့် အပြီးသတ် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီးပါက ထုတ်ပြန်သွားမည် ဖြစ်သည်။