
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်
တရုတ်နိုင်ငံ တောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်က အမျိုးသမီးတစ်ဦးဟာ ညလုံးပေါက် အွန်လိုင်း ဂိမ်းဆော့နေတဲ့ ခင်ပွန်းကို အိပ်ရာဝင်စေဖို့ ဂိမ်းကစားသူတွေကို ဂိမ်းထဲမှာ ထပ်ခါထပ်ခါ - တ်ပေး ဖို့ တောင်းဆိုခဲ့ပါတယ်။ ဂိမ်းကစားသူအများအပြားက သူ့ခင်ပွန်းကို လိုက်လံရှာဖွေပြီး သတ်ခဲ့တာကြောင့် သူမရဲ့အစီအစဉ်လည်း အောင်မြင် ခဲ့ပါတယ်။
ချန်လို့အမည်ရတဲ့ အမျိုးသမီးက နိုဝင်ဘာ ၁၄ ရက်မှာ ခင်ပွန်းဖြစ်သူ လီ ဂိမ်းဆော့နေတဲ့ ဗီဒီယိုကို တင်ခဲ့ပြီး ည ၁ နာရီ လောက်မှာ သူ့ကို -တ်ပေး ဖို့ တခြားကစားသမားတွေကို တောင်းဆိုခဲ့တာပါ။ အဲဒီလိုလုပ်ရင် ခင်ပွန်းက သူမနဲ့ အတူ အိပ်ရာဝင်လာမယ်လို့ ပြောပါတယ်။
လီဟာ အဲဒီမတိုင်ခင် သုံးညဆက်တိုက် မနက် ၃ နာရီ၊ ၄ နာရီအထိ ဂိမ်းဆော့ခဲ့တာကြောင့် သူမအိပ်ရေးပျက်ခဲ့တယ် လို့ ချန်က ပြောပါတယ်။
အစပိုင်းမှာတော့ အွန်လိုင်းအသုံးပြုသူအများစုက ချန်ရဲ့တောင်းဆိုချက်ကို ဟာသလုပ်တာလို့ ထင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဗီဒီယိုထဲမှာ လီက “သူတို့ငါ့ကို ရှာတွေ့မှာ မဟုတ်ဘူး” လို့ ယုံကြည်ချက်အပြည့်နဲ့ ပြောခဲ့တာကြောင့် ကစားသမားတွေက တကယ်ပဲ သူ့ကို လိုက်ရှာဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
ချန်တင်တဲ့ဗီဒီယိုမှာ လီရဲ့ဂိမ်းအကောင့်အမည် “ tiantiankaixin” ၊ သူ့ရဲ့နေရာနဲ့ ဇာတ်ကောင်ကိုပါ တွေ့ရတာကြောင့် နောက်ရက်တွေမှာ ကစားသမားအများအပြားက အဲဒီအကောင့်ကို လိုက်ရှာပြီး -တ်ခဲ့ကြပါတယ်။
တစ်ကြိမ်မှာတော့ သုံးနာရီအတွင်း လီဟာ အကြိမ်ကြိမ် အသတ်ခံခဲ့ရပြီး သေဆုံးတဲ့နေရာကို ပြန်သွားကာ ဇာတ်ကောင်ကို ပြန်အသက်သွင်းရတဲ့ “ corpse run” ကိုလည်း အကြိမ်ကြိမ် လုပ်ခဲ့ရပါတယ်။
ချန်ရဲ့တောင်းဆိုချက်တင်ပြီး ဒုတိယညမှာတော့ လီက ည ၁၂ နာရီမတိုင်ခင် အိပ်ရာဝင်ခဲ့ပြီး တစ်နှစ်အတွင်း အစောဆုံး အိပ်ရာဝင်တာဖြစ်တယ်လို့ ချန်က ပြောပါတယ်။
ဒါပေမဲ့ “ tiantiankaixin” ဆိုတဲ့အမည်ကို အသုံးပြုထားတဲ့ တခြားကစားသမားတွေပါ မှားယွင်းပြီး လိုက်လံတိုက်ခိုက် ခံခဲ့ရပါတယ်။ တချို့ကတော့ “ tiantiankaixin” ဟာ ဂိမ်းထဲက လျှို့ဝှက်ဇာတ်ကောင် ဒါမှမဟုတ် hidden boss တစ်ကောင်လို ဖြစ်လာပြီလို့ ဟာသလုပ်ခဲ့ကြပါတယ်။
စတုတ္ထမြောက်နေ့မှာ လီက မမြင်ရတဲ့ invisible mode ပါတဲ့ ဇာတ်ကောင်ကို ပြောင်းသုံးခဲ့ပေမဲ့ ကစားသမားတွေက သူ့နေရာကို ဆက်လက်သတင်းပေးပြီး လိုက်လံရှာဖွေခဲ့ကြပါတယ်။ World of Warcraft ရဲ့ တရုတ်နိုင်ငံအတွက် တရားဝင်အကောင့်ကတောင် “ခင်ပွန်းအတွက် ဇနီးက ဆုကြေးထုတ်ထားတာ” ဆိုတဲ့အကြောင်း ဟာသဗီဒီယိုတစ်ခု တင်ခဲ့ပါတယ်။
လီဟာ အခုတော့ ညနက်တဲ့အထိ အွန်လိုင်းဂိမ်းဆော့တာကို ရပ်လိုက်ပြီလို့ သိရပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ( WHO) က ၂၀၁၉ ခုနှစ်မှာ Gaming Disorder ကို နိုင်ငံတကာရောဂါ အမျိုးအစားခွဲခြားမှု စနစ်ရဲ့ ၁၁ ကြိမ်မြောက် ပြင်ဆင်ချက်ထဲမှာ တရားဝင်ထည့်သွင်းခဲ့ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံမှာလည်း ဂိမ်း စွဲလမ်းမှုနဲ့ပတ်သက်တဲ့ ပြည်သူ့ကျန်းမာရေးမူဝါဒနဲ့ ဆေးဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ ပြောင်းလဲလာခဲ့ပါတယ်။
ဒါပေမဲ့ လီရဲ့ဂိမ်းဆော့တဲ့အလေ့အထက Gaming Disorder သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့အထိ ပြင်းထန်ပုံမရပါဘူး။ ဆရာဝန်တွေကတော့ ညနက်တဲ့အထိ အိပ်မပျော်တာဟာ အိပ်စက်မှုပြဿနာနဲ့ မှတ်ဉာဏ်ကျဆင်းတာတွေ ဖြစ်စေ နိုင်သလို ပိုမိုပြင်းထန်လာရင် နှလုံးနဲ့ ဦးနှောက်သွေးကြောဆိုင်ရာ ရောဂါတွေ ဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။
Ref – South China Morning Post