
ချဲလ်ဆီး ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်ဟာ အာဂျင်တီးနား လက်ရွေးစင် အသင်းနဲ့ အတူ ကိုပါအမေရိက ချန်ပီယံဆု ဆွတ်ခူးခဲ့ပြီးနောက် ၊ အောင်ပွဲခံ ဘတ်စ်ကားပေါ်မှာ ထိုပြိုင်ပွဲနဲ့ သက်ဆိုင်မှု မရှိတဲ့ ပြင်သစ် အသင်းမှ အာဖရိကနွယ်ဖွား ကစားသမားတွေကို ပစ်မှတ်ထားတဲ့ စကားလုံးတွေနဲ့ သီချင်းလုပ်ဆိုခဲ့ပါတယ် ။
အန်ဇိုဟာ ဒီဗီဒီယိုကို အင်စတာဂရမ်မှတဆင့် တိုက်ရိုက် live လွှင့်ခဲ့တာကြောင့် ၊ ဆိုရှယ်မီဒီယာ အသုံးပြုသူတွေ အကြား မထင်မှတ်ထားလောက်အောင် အထိ သတိထားမိစရာ ဖြစ်သွားခဲ့ပါတယ် ။ နောက်ပိုင်းမှာ အန်ဇိုဟာ ဒီဗီဒီယိုကို ဖျက်ချခဲ့ပေမယ့် ၊ ဒါကို မြင်သွားခဲ့တဲ့ ၎င်းရဲ့ ချဲလ်ဆီး အသင်းဖော် ပြင်သစ် ကစားသမားတွေဟာ ၎င်းကို unfollow လုပ်ခဲ့ကြပါတယ် ။

အန်ဇို ကိုယ်တိုင်ကတော့ ၎င်းရဲ့ လုပ်ရပ် မှားယွင်းမှန်း သိခဲ့တာကြောင့် ၊ တောင်းပန်စာ ရေးတင်သွားခဲ့သလို ၊ ချဲလ်ဆီးမှ ပြင်သစ် ကစားသမားတွေကိုလည်း တဦးချင်း တောင်းပန်ထားပြီး ဖြစ်တယ်လို့ သိရပါတယ် ။
အန်ဇိုကို unfollow လုပ်ခဲ့တဲ့ ပြင်သစ် ကြယ်ပွင့်တွေအထဲ ကိုယ်ပိုင် အကောင့်မှတဆင့် ဒီဗီဒီယိုကို တိုက်ရိုက် တုန့်ပြန်ခဲ့သူက ခံစစ်မှူး ဝက်စ်လေ ဖိုဖာနာ ဖြစ်ပြီး ၊ ဒီအခြင်းအရာကြောင့် ထိုကိစ္စက ပိုမို ကြီးထွားသွားခဲ့ပါတယ် ။
အန်ဇိုရဲ့ အာဂျင်တီးနား အသင်းဖော် ၊ အက်သလက်တီကို ကွင်းလယ်လူ ရိုဒရီဂို ဒီပေါလ်ကတော့ ယင်းဗီဒီယိုနဲ့ ပတ်သက်ကာ အန်ဇိုဖက်မှ ကာကွယ်သွားသလို ၊ စိတ်မြန်လက်မြန် တုန့်ပြန်ခဲ့တဲ့ ဖိုဖာနာ အပေါ်လည်း အခုလိုပဲ ပြန်လည် ချေပသွားပါတယ် ။

OLGA နဲ့ တွေ့ဆုံခဲ့ရာမှာ ဒီပေါလ် က ” ဒီသီချင်းနဲ့ ပတ်သက်ပြီး ဖြစ်ပျက်သွားခဲ့တာတွေမှာ တခုက ဒီသီချင်းကို ကွင်းတွင်း အခြေအနေတွေနဲ့ ဆက်စပ်ပြီး မသုံးသပ်တာနဲ့ နောက်တခုက ဒါကို ဟာသ တခု အနေနဲ့ ဆက်စပ်ပြီး မြင်တာပါ ။ နောက်တော့ လူမျိုးရေး ခွဲခြားမှု ခံစားခဲ့ရသူတွေဖက်က ကြည့်ပြီး ကျွန်တော် နားလည်ပေးနိုင်တော့ ဒါကို မနှစ်သက်ခဲ့ပါဘူး ။ ”
” တချို့နေရာတွေ ရှိပါတယ် ။ တစုံတယောက် သို့မဟုတ် အန်ဇိုရဲ့ ကလပ် အသင်းဖော် တချို့ဟာ ဒါကြီး ဖြစ်ပျက်ခဲ့ပြီးနောက် ကိုယ့်ကို တိုက်ခိုက်တယ်လို့ ခံစားခဲ့ရတယ်လို့ ကျွန်တော် ထင်ပါတယ် ။ ဒီနေရာမှာ တုန့်ပြန်ရမယ့် နည်းလမ်းက သူ့ကို တိုက်ရိုက် ခေါ်ပြီး ပြောဖို့ပါ ။ ဆိုရှယ်မီဒီယာပေါ်ကနေ လိုက်ဖော်ဖို့ မဟုတ်ပါဘူး ။ ”
” ဒီနေရာမှာ မကောင်းတဲ့စိတ် နည်းနည်းပါးပါး ရှိနေသလို ၊ အန်ဇိုကို ဘာမှမဆိုင်တဲ့ အနေအထားဆီ တွန်းပို့ချင်တဲ့စိတ်မျိုး ခံစားရပါတယ် ။ ဒါက နည်းနည်းတော့ ထူးဆန်းပါတယ် ။ ဒါက လဲကျပြီးသား သစ်ပင်ကို ထပ်ကန်တာနဲ့ တူနေပါတယ် ။ ”

” ခင်ဗျားဟာ သူ့ကို တိုက်ရိုက် လှမ်းဆက်သွယ်ပြီး ‘ သားကြီး ၊ ဘာဖြစ်ရတာလဲကွာ ‘ ဆိုပြီး မေးလို့ရပါတယ် ။ ခင်ဗျားမှာ ဆက်ဆံရေး တရပ် ရှိနေရင် ၊ ဒီလူတွေက ခင်ဗျားနဲ့ အတူ အဝတ်လဲခန်းထဲမှာ အချိန်တိုင်း ရှိနေရမယ်ဆိုရင် သူ့ကို ဆိုရှယ်မီဒီယာပေါ်မှာ unfollow လုပ်တာက ကျွန်တော့ အမြင့်မှာ ဘာအဓိပ္ပာယ်မှ မရှိပါဘူး ။ ”
” သူ့ကို တိုက်ရိုက် ခေါ်ပြီးတော့ ‘ နားထောင် ၊ ငါတို့ မင်းရဲ့ လုပ်ရပ်ကြောင်း ခံစားကောင်း ခံစားနေရတယ် ၊ ဒီလူတွေ အတွက် မင်း တောင်းပန်စာလေး ရေးတင်လိုက်ပါလား ‘ ဆိုပြီး ပြောလိုက်လို့ ရပါတယ် ။ အဲဒါဆို ဒီကိစ္စက အဲဒီမှာပဲ အဆုံးသတ်သွားပါမယ် ။ ဘာမှ ကြီးကြီးကျယ်ကျယ် ဖြစ်စရာ မရှိတော့ပါဘူး ။ ”
” အန်ဇိုဖက်ကနေ ကျွန်တော် ခံပြောပေးနိုင်တာက အမှန်က ဒီသီချင်းက နဂိုတည်းက ရှိနေခဲ့တာပါ ။ ဘာလို့လဲဆိုတော့ လူတွေက ဒါကို လုပ်ဆိုနေကြပြီးသားမို့ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR