Sports Myanmar

အာဆင်နယ် အသင်းထံ ပြောင်းရွှေ့တော့မယ့် ကာလာဖီအိုရီ ထံ သတင်းစကားပါးလိုက်တဲ့ အီတလီ ဂန္တဝင်နောက်ခံလူ

အီတလီ အသင်း ရဲ့ ဂန္တဝင် နောက်ခံလူ တစ်ဦး ဖြစ်တဲ့ ဘိုနူချီ ကတော့ အာဆင်နယ် အသင်း ခေါ်ယူ နိုင်တော့မယ့် ကာလာဖီအိုရီ ဟာ အီတလီ လက်ရွေးစင် အသင်းကြီးအတွက် နောက်ထပ် ၁၅ နှစ်လောက် အားကိုး အားထားပြုလို့ ရနိုင်တဲ့ ကစားသမားမျိုး ဖြစ်တယ်လို့ ချီးကျူး ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ ဒီနှစ် နွေရာသီမှာ ခံစစ် ကို ထပ်မံ အင်အား ဖြည့်တင်းတဲ့ အနေနဲ့ ယူရို မှာ အီတလီ နဲ့ အတူ တောက်ပ ခဲ့တဲ့ ဘိုလောဂ့်နာ အသင်း ရဲ့ နောက်ခံလူ ကာလာဖီအိုရီ ကို ခေါ်ယူဖို့ ကြိုးပမ်း နေပြီး လက်ရှိ အချိန်မှာ ယူရို သန်း ၄၀ + အပိုဆုကြေး ပေါင် ၅ သန်း နဲ့ သဘောတူညီမှု ရထားပါတယ် ။

အပြောင်းအရွေ့ ဖြစ်မြောက် ဖို့ရာ ကာလာဖီအိုရီ ရဲ့ ယခင် အသင်းဟောင်း ‌ဘေဆယ် နှင့် လက်ရှိ အသင်း ဘိုလောဂ့်နာ တို့ကြား ပြောင်းရွေ့ကြေး ရဲ့ တစ်စိတ်တစ်ပိုင်းကို ခွဲဝေယူရန် သဘောတူညီမှု ရဖို့သာ ကျန်ပါတော့တယ် ။ ဘေဆယ် အသင်းဟာ ကာလာဖီအိုရီ ကို ရောင်းချစဉ်က အနာဂတ်မှာ ပြန်လည်ရောင်းချပါက ရရှိလာမယ့် ပြောင်းရွှေ့ကြေး ရဲ့ ၅၀ ရာခိုင်နှုန်းကို ခွဲဝေပေးဖို့ ထည့်သွင်း ချုပ်ဆို ခဲ့တာ ဖြစ်ပါတယ် ။

ကာလာဖီအိုရီ ဟာ ရီးယဲလ်မက်ဒရစ် ၊ ယူဗင်တပ်စ် အသင်းတို့ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး အာဆင်နယ် အသင်းထံ ပြောင်းရွေ့ကစားဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ် ။

အီတလီ ရဲ့ အနာဂတ် ခံစစ်မှူး တစ်ဦး အဖြစ် သတ်မှတ်ခံထားရတဲ့ ကာလာဖီအိုရီ တစ်ယောက် အာဆင်နယ် အသင်းထံ ပြောင်းရွေ့ဖို့ နီးစပ်နေတဲ့ အပေါ် ဘိုနူချီ ကတော့ ” ကာလာဖီအိုရီ ကို ယူဗင်တပ်စ် အသင်းမှာ မြင်ချင်တာကြောင့် ဒီအပြောင်းအရွှေ့အပေါ် ကျနော် ကတော့ စိတ်မကောင်း ဖြစ်မိပါတယ် ။ သူက ကျနော်တို့ မြင်နေကျ နောက်ခံလူတွေနဲ့ ကွဲပြားတဲ့ ကစားသမားပါ ။ ”

” သူ့ရဲ့ ကစားပုံ ၊ ကိုယ်ရည်ကိုယ်သွေး က မော်ဒန်ဘောလုံးလောက နဲ့ အံဝင်ခွင်ကျပါပဲ။ ကျနော်တို့ အနေနဲ့ အီတလီ အသင်းအတွက် နောက်ထပ် ၁၅ နှစ်လောက် အားထားရမယ့် ကစားသမား တစ်ဦးကို ပြည်ပကို တင်ပို့လိုက်တာပါပဲ ။ ” လို့ မှတ်ချက် ပေးသွားခဲ့ပါတယ် ။

SM

မူရင်းသတင်း — Sports Myanmar