Sports Myanmar

ကိုယ့်ရဲ့ ကစားသမားဟောင်း တဦးကို ပြန်ခေါ်သွားဖို့ ချဲလ်ဆီးထံ တိုက်တွန်းလိုက်တဲ့ ဖရန့် လီဘို့ဖ်

 

ချဲလ်ဆီး အသင်းဟာ ယခုနှစ် နွေရာသီ ဈေးကွက် အတွင်း တရားဝင် ကစားသမားသစ် ၅ဦး အထိ ခေါ်ယူထားပြီး ၊ ၎င်းတို့ အားလုံးဟာ ဝါရင့်တွေ မဟုတ်ကြပဲ ၊ အလားအလာ ရှိတဲ့ ကြယ်ပွင့် ကစားသမား အဆင့်တွေမှာသာ ရှိကြပါတယ် ။

အမေရိကန် ပိုင်ရှင်တွေ လက်ထက် ချဲလ်ဆီးရဲ့ အပြောင်းအရွှေ့ ပေါ်လစီ အရ ဝါရင့် ကစားသမားတွေကို ခေါ်ရိုးထုံးစံ မရှိတာ တွေ့ရပါတယ် ။ ချဲလ်ဆီး နောက်ခံလူဟောင်း တဦး ဖြစ်တဲ့ ဖရန့် လီဘို့ဖ်ကတော့ အယ်အစ်တီဟတ်မှာ ကစားနေတဲ့ ခြင်္သေ့ပြာ ကွင်းလယ်လူဟောင်း အန်ဂိုလို ကန်တေကို ခေါ်ယူဖို့ ဆောင်းပါး တပုဒ်မှာ ပြောဆိုခဲ့ဖူးပါတယ် ။

လီဘို့ဖ် က ” ချဲလ်ဆီး ကစားသမားဟောင်း တယောက် အနေနဲ့ ကျွန်တော် စိတ်ပျက်မိပါတယ် ။ ကျွန်တော်ဟာ ကိုယ်ကစားခဲ့တဲ့ အသင်းဟောင်း အားလုံးကို အခုထိ စောင့်ကြည့်နေဆဲပါ ။ အထူးသဖြင့် ချဲလ်ဆီးပေါ့ ။ ဘာလို့လဲဆိုတော့ အဲဒီမှာ ကျွန်တော်နဲ့ ပရိသတ်တွေ အကြား စပါယ်ရှယ် အမှတ်တရတွေ ရှိခဲ့လို့ပါ ။ ”

” အခုတော့ ကျွန်တော့ရဲ့ စိတ်ပျက်မှုတွေက ဒေါသ အသွင်ဆီ ပြောင်းသွားပါပြီ ။ ချဲလ်ဆီးဟာ နည်းပြ ပြောင်းထားပေမယ့် ၊ သူတို့ဟာ အတွေးအခေါ်တွေ မပြောင်းသေးပါဘူး ။ ကျွန်တော် တတ်နိုင်သလောက်တော့ ကြားနေ အဖြစ်နဲ့ သုံးသပ်ဖို့ပဲ ကြိုးစားတာပါ ။ မန်ယူနိုက်တက်နဲ့ ကစားရင်တောင်မှပေါ့ ။ ”

” ဒါပေမယ့် ကျွန်တော်ဟာ ပရော်ဖက်ရှင်နယ် ဆန်ဖို့ လိုပါတယ် ။ ချဲလ်ဆီးဟာ ဘောလုံးကလပ် တသင်း အနေနဲ့ အလုပ်ဖြစ်အောင် မလည်ပတ်ထားနိုင်သေးပါဘူး ။ အခုဆို ကျွန်တော်တို့ဟာ တခြား ကလပ်တွေ အတွက် နှိမ်ချင်စရာ အသင်း တသင်း ဖြစ်လာပါပြီ ။ ”

” ကျွန်တော်တို့ဟာ ပစ္စုပ္ပန်မှာ နေနေတာပါ ။ အနာဂတ်မှာ မဟုတ်ပါဘူး ။ ပရိသတ်တွေဟာ ရလဒ်ကောင်းတွေကို အလိုရှိကြပါတယ် ။ ကျွန်တော်လည်း ရလဒ်ကောင်းတွေကို လိုချင်ပါတယ် ။ နောက်လေးနှစ်လောက်ကြာမှ ဒါတွေကို ကျွန်တော် မလိုချင်ပါဘူး ။ ”

” ကျွန်တော်တို့ အနေနဲ့ ကျောရိုးဒေါက်တိုင် ကစားသမားတွေကို ခေါ်ဖို့ လိုပါတယ် ။ ယူရိုမှာ အန်ဂိုလို ကန်တေ လုပ်ပြခဲ့တာကို ကြည့်ပါ ။ ဒီလို ကစားသမားတွေကို ကျွန်တော်တို့ ရှင်းထုတ်ခဲ့တာ ရှက်ဖို့ကောင်းပါတယ် ။ ဘာတည်ငြိမ်မှုမှ မရှိနေသလို ၊ အခုဆို သီယာဂို ဆေးလ်ဗားကိုလည်း ကျွန်တော်တို့ ရှင်းထုတ်လိုက်ပါပြီ ။ သူဟာ ကျွန်တော်တို့ရဲ့ တဦးတည်းသော အတွေ့အကြုံရင့် နောက်ခံလူပါ ။ ”

” ကျွန်တော်တို့မှာ အရည်အသွေးမြင့် ကစားသမားတွေ ရှိပေမယ့် ၊ သူတို့ဟာ အသက် အရမ်းငယ်လွန်းပါတယ် ။ ငယ်ရွယ်မှုနဲ့ အတွေ့အကြုံရင့်ကျက်မှုက အချိုးကျကျ ပေါင်းစပ်ထားဖို့ လိုပြီး ၊ ကျွန်တော်တို့မှာ ဒါမျိုး ရှိမနေပါဘူး ။ ဒါကြောင့် ကျွန်တော်တို့ဟာ ခြေစွမ်းကောင်းနေရင်တောင်မှ ၊ ၁၅မိနစ်လောက်ကြာရင် ခြေစွမ်းက ဆိုးရွားသွားတတ်တာပါ ။ ဒါက ပုံမှန်ဓလေ့ တခုလို ဖြစ်နေပါပြီ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

အသက် ၃၃နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ကန်တေဟာ ပြီးခဲ့တဲ့ ရာသီကမှ ချဲလ်ဆီးကနေ ထွက်ခွာခဲ့တာ ဖြစ်ပြီး ၊ ဒဏ်ရာ မကြာခဏ ရခဲ့ခြင်း ၊ ကြံ့ခိုင်မှု မပြည့်ခြင်းနဲ့ လစာ ပမာဏ များလွန်းခြင်းတွေကြောင့် အမေရိကန် ပိုင်ရှင်တွေက ၎င်းကို ဆက်မထိန်းထားပဲ လက်လွှတ်ဖို့ ဆုံးဖြတ်ချက်ခဲ့တာ ဖြစ်ပါတယ် ။

ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပြင်သစ်ရဲ့ အဓိက ကျောရိုး ကွင်းလယ်လူ အဖြစ် ခြေစွမ်းပြနိုင်ခဲ့တဲ့ ကန်တေဟာ လန်ဒန်မြို့ခံ ကလပ် တသင်း ဖြစ်တဲ့ ဝက်စ်ဟမ်းထံမှ ချဉ်းကပ်မှုကို ရခဲ့ပေမယ့် ၊ အယ်အစ်တီဟတ်မှ ၎င်းတို့ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သလို ၊ ကစားသမား ကိုယ်တိုင်ကလည်း ဆော်ဒီပရိုလိဂ်မှာပဲ ပျော်ရွှင်နေကြောင်း အကြောင်းပြန်ခဲ့ပါတယ် ။

ဒါနဲ့ ပတ်သက်ပြီး လီဘို့ဖ် က ESPN ရုပ်သံဌာနနဲ့ တွေ့ဆုံရာမှာ ” ကျွန်တော် ပြောခဲ့တဲ့ ဆောင်းပါး အကြောင်း ပြန်တွေ့ခဲ့တော့ ချဲလ်ဆီးက သူ့ကို ဘာလို့ ပြန်မခေါ်လဲ ဆိုပြီ ကျွန်တော် တွေးခဲ့မိပါတယ် ။ သူဟာ ချဲလ်ဆီးက လာတဲ့သူပါ ။ ကျွန်တော်တို့ဟာ သူ့ကို ဝက်စ်ဟမ်းဆီ ပြောင်းတာ မမြင်လိုကြပါဘူး ။ ”

” လေးစားသမှုနဲ့ ပြောရရင် အကယ်၍ ဝက်စ်ဟမ်းသာ သူ့ကို ခေါ်လို့ ရခဲ့ရင် ၊ ဒါက အရမ်းကောင်းတဲ့ ခေါ်ယူမှု တရပ် ဖြစ်လာမှာပါ ။ ဘာလို့လဲဆိုတော့ သူဟာ ထိပ်တန်း ကစားသမား တယောက် ဖြစ်နေဆဲ ဆိုတာ ယူရိုမှာ သက်သေပြထားလို့ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar