Sports Myanmar

အန်ဇို မာရက်စ်ကာရဲ့ ချဲလ်ဆီး နည်းပြ ဘဝ သတင်းစာ ရှင်းလင်းပွဲမှ ကောက်နုတ်ချက် တချို့

ချဲလ်ဆီး အသင်းဟာ ယမန်နေ့ကပဲ ရာသီကြို ပြင်ဆင်မှု အဖြစ် အမေရိကန်သို့ ခရီးစဉ် စတင် ထွက်ခွာလာခဲ့ပြီး ၊ ယနေ့မှာတော့ လေ့ကျင့်မှုတွေ ပြုလုပ်လျက် ရှိပါတယ် ။ မနက်ဖြန် မနက်မှာ ချဲလ်ဆီးဟာ လိဂ်ဝမ်းသို့ တန်းတက်လာတဲ့ ကမ္ဘာကျော် ဟောလိဝုဒ် မင်းသား ရိုင်ယန် ရေးနိုးလ်စ် ပိုင်ဆိုင်ထားတဲ့ ရက်စ်ဟမ်းနဲ့ ခြေစမ်းပွဲ စတင် ကစားမှာ ဖြစ်ပါတယ် ။

တော့ဒ်ဘိုလီနဲ့ အမေရိကန် ပိုင်ရှင်တွေ လက်ထက် ၅ဦးမြောက် နည်းပြ ဖြစ်လာတဲ့ အန်ဇို မာရက်စ်ကာဟာ သူ့ရဲ့ ပထမဆုံး ချဲလ်ဆီးပွဲ မစတင်မီ ၊ ယနေ့မနက်က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ ၊ ထိုအထဲမှ စိတ်ဝင်စားဖွယ် မှတ်ချက် တချို့ကို အခုလိုပဲ ကောက်နုတ် ဖော်ပြလိုက်ရပါတယ် ။

တိုက်စစ်မှာ နေရာစုံ ကစားပေးနိုင်တဲ့ ခရစ်တိုဖာ အန်ကွန်ကူ အတွက် အစီအစဉ်

‘ အန်ကွန်ကူဟာ နေရာတိုင်းမှာ ကစားပေးနိုင်ပါတယ် ။ သူဟာ အခုကတည်းက အတော်လေး ကောင်းကောင်းမွန်မွန် လုပ်ဆောင်ပြနေပါပြီ ။ သူဟာ နံပါတ် ၉ ၊ တောင်ပံတိုက်စစ်နဲ့ ကွင်းလယ် တိုက်စစ် နေရာတွေမှာ ကစားပေးနိုင်ပါတယ် ။

ကျွန်တော်ဟာ ဘောလုံးမှာ ကစားသမားတွေဟာ မတူညီတဲ့ နေရာတွေမှာ ကစားပေးနိုင်စွမ်း ရှိတယ်လို့ မြင်ထားတာပါ ။ ကျွန်တော်ဟာ ကစားသမားတွေကို တိုးတက်စေချင်ပြီး ၊ နေရာမျိုးစုံမှာ ကစားနိုင်အောင် လုပ်ပေးချင်ပါတယ် ။ ‘

ချဲလ်ဆီးနဲ့ အတူ အောင်မြင်မှု ရဖို့ ပစ်မှတ်ထားခြင်း

‘ ခင်ဗျားဟာ ချဲလ်ဆီးလို အသင်းကြီး တသင်း ၊ အကောင်းဆုံး တသင်းဆီ ပြောင်းရွှေ့တဲ့အခါ ဆုဖလားတွေ အတွက် ပြိုင်ဆိုင်နိုင်ဖို့ ကြိုးစားရပါမယ် ။ ကျွန်တော်တို့ဟာ ပြိုင်ဆိုင်လိုကြပါတယ် ။ ဖြစ်နိုင်ရင် အမြန်ဆုံး ဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ် ။ ‘

ထရက်ဗာ ချာလိုဘာကို ရာသီကြို ခရီးစဉ်သို့ မခေါ်ဆောင်လာခြင်း

‘ ပထမဆုံး အနေနဲ့ ကျွန်တော့ အမြင်အရ ကစားသမားတွေကို ရာသီကြို ပြင်ဆင်မှုဆီ မခေါ်ဆောင်ရတာက အမြဲတမ်း ဝမ်းနည်းစရာ ဖြစ်ပါတယ် ။ ဘာလို့လဲဆိုတော့ အဆုံးမှာ သူတို့တွေဟာ အသင်းမှာ တစိတ်တပိုင်း ပါဝင်ခွင့် ရဖို့ ကြိုးစားနေကြလို့ပါ ။

ကျွန်တော်တို့မှာ အိတ်ဆဲလ် ( ဒီဆာဆီ ) ရှိတယ် ၊ တိုစင် ( အဒါရာဘိုင်ယို ) ရှိတယ် ၊ ဝက်စ်လေ ( ဖိုဖာနာ ) လည်း နောက်ဆုံးတော့ ဒဏ်ရာ ပြန်လာပါပြီ ။ ဂျော့ရှ်အချမ်းပေါင်းလို တချို့သော လူငယ် ကစားသမားတွေလည်း ဒီကို ရောက်နေပါတယ် ။ ဒါပေမယ့် ဒီလို ဆုံးဖြတ်ချက်မျိုး ချရတာက ဝမ်းနည်းစရာပါ ။ ‘

ရိစ်ဂျိမ်းစ်ကို အသင်းခေါင်းဆောင် အဖြစ် ဆက်လက် ထားရှိခြင်း

‘ သူဟာ သေချာပေါက် အသင်းခေါင်းဆောင် အဖြစ် ရှိနေမှာပါ ။ သူ့ကို ခေါင်းဆောင် တဦး အဖြစ် ကျွန်တော် အလိုရှိပါတယ် ။ တာဝန်သိတတ်မှု ရှိတဲ့ ကစားသမားတွေကို ကျွန်တော် နှစ်သက်ပါတယ် ။ ‘

Inverted Full-back အသုံးပြုခြင်း

‘ ကျွန်တော်တို့ဟာ ဘယ်ခြမ်း တခုတည်း inverted ပုံစံနဲ့ သုံးစရာ လိုနေတာမျိုး မဟုတ်ပါဘူး ။ အရင်တုန်းက ရိစ်ဂျိမ်းစ် အဲလို ကစားတာ ကျွန်တော် အများကြီး မြင်ဖူးသလို ၊ မာလို ဂတ်စ်တိုလည်း ဒါမျိုး ကစားပေးနိုင်ပါတယ် ။

မာ့ခ် ( ကူကူရယ်လာ ) နဲ့ ရီနာတို ( ဗေဂါ ) တို့လည်း အဲလို ပုံစံ ကစားပေးနိုင်ပါတယ် ။ ဒီတော့ ကျွန်တော်တို့ ၂ဖက်လုံးမှာ ကြိုးစားကြည့်နေပါတယ် ။ ‘

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar