
ချဲလ်ဆီး အသင်းဟာ ရာသီသစ် အတွက် နည်းပြသစ် အဖြစ် လက်စတာ အသင်းကနေ အီတလီလူမျိုး နည်းပြ အန်ဇို မာရက်စ်ကာကို နှစ်ရှည် စာချုပ်နဲ့ ခေါ်ယူခန့်အပ်ထားပြီး ၊ လက်ရှိ နွေရာသီ ဈေးကွက် အတွင်း လိုအပ်တဲ့ ကစားသမားသစ် တချို့ကိုပင် ခြေလှမ်းသွက်သွက်နဲ့ ခေါ်ယူအားဖြည့်ထားပြီး ဖြစ်ပါတယ် ။
ဒီအတွက်ကြောင့် ရာသီကြို ခရီးစဉ်ကို ပိုမို အာရုံစိုက်နိုင်ဖို့ ချဲလ်ဆီးဖက်က ကြိုးစားနေပြီး ၊ ဂိုးသမား တနေရာနဲ့ တိုက်စစ်မှူး တနေရာ အတွက်သာ ဆက်လက် ဖြည့်တင်းဖို့ လုပ်ဆောင်သွားဖွယ် ရှိနေပါတယ် ။

လက်ရှိ ချဲလ်ဆီး တိုက်စစ်မှာ အထောင်တိုက်စစ်မှူး ၆ဦးအထိ ရှိနေပြီး ၊ နီကိုးလက်စ် ဂျက်ဆင် တဦးတည်းသာ ပထမအသင်းမှာ ကျန်ရစ်ဖို့ များပါတယ် ။ အယ်ဘေးနီးယား လက်ရွေးစင် တိုက်စစ်မှူး အာမန်ဒို ဘရိုဂျာဟာ အမေရိကန် ခရီးစဉ်သို့ လိုက်ပါလာပေမယ့် ၊ ၎င်းဟာ ခြင်္သေ့ပြာတို့ရဲ့ အရောင်းစာရင်းမှာ ပါဝင်နေပါတယ် ။
အသစ်စက်စက် ခေါ်ယူထားတဲ့ တိုက်စစ်မှူး ၂ဦး ဖြစ်တဲ့ မာ့ခ်ဂီယူး ၊ အိုမာရီ ကယ်လီမန်းတို့ အပြင် အခြားသော လူငယ် ကြယ်ပွင့်တွေဟာ အငှားချခံရဖို့သာ အလားအလာ များနေလို့ ၊ ချဲလ်ဆီးတို့ ဒေါင်ဒေါင်မြည် တိုက်စစ်မှူးသစ် တယောက် ဖြည့်ဖို့ ဖြစ်နိုင်ခြေ ရှိနေဆဲ ဖြစ်ပါတယ် ။
ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ် ဂိုးသွင်း အများဆုံး တိုက်စစ်မှူး စာရင်းဝင် ၊ အက်စ်တွန်ဗီလာ တိုက်စစ်မှူး အိုလီ ဝက်ကင်စ်ဟာ ခြင်္သေ့ပြာတို့နဲ့ သတင်းတွေ ထွက်ထားပေမယ့် ၊ ၎င်းအတွက် ပြောင်းရွှေ့ကြေး ကမ်းလှမ်းမှုက မတန်တဆ မြင့်မားနိုင်ပါတယ် ။

ချဲလ်ဆီးနဲ့ လီဗာပူး ညာနောက်ခံလူဟောင်း ဂလင်းဂျွန်ဆင်ကတော့ ချဲလ်ဆီးဟာ ချဲလ်ဆီး ဖြစ်နေဆဲမို့ ၊ ဝက်ကင်စ်သာ စတမ်းဖို့ဒ်ဘရစ်ချ်သို့ ပြောင်းရွှေ့ဖို့ အခွင့်အရေး ရခဲ့ရင် ၊ ဗီလာရဲ့ လက်ကိုပင် ကိုက်လွှတ်ပြီး ပြောင်းဖို့ ကြိုးစားမယ့် အကြောင်း သုံးသပ်သွားပါတယ် ။
BetFred နဲ့ တွေ့ဆုံရာမှာ ဂျွန်ဆင် က ” သူသာ ချဲလ်ဆီး အတွက် ကစားပေးဖို့ အခွင့်အရေး ရလာခဲ့ရင် ၊ သူတို့ ( အက်စ်တွန် ဗီလာ ) လက်ကိုတောင် ကိုက်လွှတ်ပြီး ပြောင်းသွားလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် ။ ”
” အက်စ်တွန် ဗီလာဟာ ကြီးကျယ်တဲ့ ဘောလုံးရာသီ တခု ပိုင်ဆိုင်ခဲ့ပြီး ၊ ချန်ပီယံလိဂ် ဝင်ခွင့်လည်း ရရှိထားပါတယ် ။ ဒါပေမယ့် ချဲလ်ဆီးက ချဲလ်ဆီးပါပဲ ။ သူတို့ ပြန်လာလိမ့်မယ် ဆိုတာ ကျွန်တော် တထစ်ချ ယုံကြည်ပါတယ် ။ ”

” အိုလီဟာ ချဲလ်ဆီးကို သေချာပေါက် တိုးတက်စေနိုင်ပါတယ် ။ ဒီအပြောင်းအရွှေ့က သေချာပေါက် ဖြစ်နိုင်ခြေ ရှိတယ် ဆိုတာ ကျွန်တော် မြင်နေပါတယ် ။ သူ ဗီလာမှာ ဆက်ပြီး ကစားသွားနိုင်တဲ့ အကြောင်းအရင်းတွေကိုလည်း ကျွန်တော် မြင်မိပါတယ် ။ ”
” သူဟာ ယူရိုမှာ ကစားခွင့် အများကြီး မရခဲ့ပေမယ့် ၊ သူ ကွင်းထဲ ရောက်လာတဲ့ အချိန်တွေမှာ အင်္ဂလန်ဟာ ပိုကောင်းတဲ့ အသင်း တသင်းနဲ့ တူသွားပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR