Eleven Media Group

ချန်ပီယံလိဂ်တွင် ဂျူဗင်တပ်စ်နှင့် ဘိုလော့ဂ်နာတို့ ရှုံးနိမ့်ပြီးနောက် စီးရီးအေကလပ်များမှာ ကစားရာတွင် နှေးကွေးလွန်းကြောင်း ကာပယ်လို ဝေဖန်

Photo: X

နာမည်ကျော် ၀ါရင့်နည်းပြဟောင်း ကာပယ်လိုက ယခုတစ်ပတ်ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်များတွင် ဂျူဗင်တပ်စ်နှင့် ဘိုလော့ဂ်နာအသင်းတို့ ရှုံးနိမ့်ပြီးနောက် စီးရီးအေကလပ်များမှာ ကစားရာတွင် နှေးကွေးလွန်းကြောင်း ဝေဖန်ပြောကြားခဲ့သည်။
အောက်တိုဘာ (၂၂) ရက်(အင်္ဂါနေ့)က ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်များတွင် စီးရီးအေကလပ်အသင်း (၃) သင်း ယှဉ်ပြိုင်ကစားခဲ့ရာ အေစီမီလန်အသင်းတစ်သင်းသာ အနိုင်ရပြီး ဂျူဗင်တပ်စ် နှင့် ဘိုလော့ဂ်နာတို့မှာ ပြိုင်ဘက်များကို ရှုံးနိမ့်ခဲ့ရသည်။
ဘိုလော့ဂ်နာအသင်းသည် ပရီးမီးယားလိဂ်ကလပ် အက်စတွန်ဗီလာကို အဝေးကွင်းတွင် (၀-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ဂျူဗင်တပ်စ်အသင်းမှာ အိမ်ကွင်းတွင် ဂျာမန်ကလပ် စတုဂတ်အသင်း (၀-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
Sky Sports Italia တွင် အဆိုပါပွဲစဉ်များကို ဝေဖန်သုံးသပ်ခဲ့သည့် ကာပယ်လိုက ''ပြင်းအားက အဓိကပါပဲ။ အီတလီဘောလုံးအသင်းတွေက နှေးကွေးလွန်းပါတယ်။ အများကြီး ပြေးလွှားကစားပြီး Press လိုက်လုပ်တဲ့ အသင်းတွေနဲ့တွေ့ရင် အီတလီအသင်းတွေ ဒုက္ခရောက်တော့တာပါပဲ။ ဘောလုံးပိုင်ဆိုင်မှုနဲ့ အမြင့်ဘောတွေက အသုံးမဝင်ပါဘူး။ အီတလီကလပ်တွေအနေနဲ့ အခုထက်ပိုပြီး တစ်ခုခုလုပ်ပြဖို့ လိုပါတယ်''ဟု ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group