Eleven Media Group

အူဆိုက် - တိုင်ဆန်ဖျူရီပွဲပြီးနောက် ၂၀၂၅ ခုနှစ်အတွင်း ဖြစ်လာနိုင်ဖွယ် ရှိသည့် ဟဲဗီးဝိတ်လက်ဝှေ့ပွဲ အတွဲအဖက်များကို BBC Sport ဖော်ပြ

Photo: BBC Sport

ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ယူကရိန်းလက်ဝှေ့ အိုလက်ဇန္ဒားအူဆိုက်နှင့် ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖျူရီတို့ ထိုးသတ်ခဲ့သည့် ဟဲဗီးဝိတ်မကျေပွဲပြီးနောက် လာမည့် ၂၀၂၅ ခုနှစ်အတွင်း ထိုးသတ်နိုင်ခြေရှိသည့် လက်ဝှေ့ပွဲအတွဲအဖက်များကို BBC Sport က ဖော်ပြခဲ့သည်။

အူဆိုက်သည် တိုင်ဆန်ဖျူရီအား အမှတ်ဖြင့် ထပ်မံအနိုင်ယူပြီးနောက် ကမ္ဘာ့အကောင်းဆုံး ဟဲဗီးဝိတ်လက်ဝှေ့သမားအဖြစ် မှတ်ကျောက်တင်နိုင်ခဲ့သည်။ အူဆိုက် အနိုင်ရမှုသည် ၂၀၂၅ ခုနှစ်အတွင်း ပိုဆန်းကြယ်သော ပွဲစဉ်အတွဲအဖက်များ ဖြစ်လာနိုင်ခြေ ရှိနေပြီး ထိပ်တန်းလက်ဝှေ့သမားများ၏ အနာဂတ်အတွက်လည်း မေးခွန်းထုတ်စရာ ဖြစ်ခဲ့သည်။

ဗြိတိန်လက်ဝှေ့သမား နှစ်ဦးဖြစ်သည့် တိုင်ဆန်ဖျူရီ - အန်သိုနီဂျိုရှူအာပွဲနှင့် IBF ချန်ပီယံ ဒူဘွာအနေဖြင့် အူဆိုက်ကို လက်စားပြန်ချေခွင့် ရရှိမည်လားဆိုသည်မှာ စိတ်ဝင်စားစရာဖြစ်နေသည်။ ဒူဘွာသည် လာမည့် ဖေဖော်ဝါရီလ(၂၂)ရက်တွင် WBO ချန်ပီယံဟောင်းဖြစ်သူ ဂျိုးဆက်ပါကားနှင့် ထိုးသတ်ရန် စီစဉ်ထားသည်။ ယင်းပွဲသည် ထိပ်တန်းလက်ဝှေ့ သမားများ တွေ့ဆုံမည့်ပွဲများအတွက် အဖြေတစ်ခု ကောင်းကောင်းထုတ်ပေးနိုင်မည်ဖြစ်သည်။ ၎င်းတို့ နှစ်ဦးထိုးသတ်မည့်ရက်တွင် တရုတ်လက်ဝှေ့သ မား ကျင်လေကျန်နှင့် ရှုံးပွဲမရှိသေးသည့် ဂျာမန် လက်ဝှေ့သမား ကာဘယ်ရယ်လ်တို့ ထိုးသတ်မည့်ပွဲမှာလည်း Undercard အဖြစ် ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ(၈)ရက်၌ ချီဆိုရာနှင့် အော်တိုဝယ်လင်တို့ ထိုးသတ်မည့်ပွဲလည်း ရှိနေသည်။ လက်ရှိအချိန်တွင် အခြားဟဲဗီးဝိတ်လက်ဝှေ့သမားအများစုမှာ ထိုးသတ်မည့်ရက်များ သတ်မှတ်ရခြင်းမရှိသေးဘဲ ယင်းထဲတွင် ရှုံးပွဲမရှိသေးသည့် ဗြိတိန်ချန်ပီယံ ဖာဘီယိုဝက်ဒလေလည်း ပါဝင်လျက်ရှိသည်။

အူဆိုက်အနေဖြင့် ခရူဆာဝိတ်တန်းကို ပြန်ဆင်းထိုးရန်ထက် အနားယူသွားခြင်းက ဖြစ်နိုင်ခြေပိုများကြောင်း သိရသည်။ ဒူဘွာအနေဖြင့် ပါကားကို အနိုင်ရခဲ့လျှင် အူဆိုက်(၃၆ နှစ်)နှင့် ထိုးသတ်မည့် ချန်ပီယံပေါင်းစည်းပွဲမှာ ၂၀၂၅ ခုနှစ် နွေရာသီတွင် ဖြစ်ပေါ်လာနိုင်ခြေရှိနေသည်။ တိုင်ဆန်ဖျူရီ(၃၆ နှစ်)သည် လက်ဝှေ့သမားဘဝကို ဆက်သွားနိုင်ခြေရှိနေကြောင်း သတင်းများက သုံးသပ်ခဲ့သည်။ ၎င်းအနေဖြင့် အနားယူရန်ထက် ဂျိုရှူအာနှင့် ထိုးသတ်မည့်ပွဲက ဖြစ်နိုင်ခြေ ပိုများနေသည်။

မူရင်းသတင်း — Eleven Media Group