Eleven Media Group

ဘာစီလိုနာကြယ်ပွင့်ကစားသမား ယမားလ် လေ့ကျင့်မှုပြန်လုပ်နိုင်ခဲ့ပြီး စပိန်စူပါဖလားပွဲတွင် ပါဝင်ကစားနိုင်ဖွယ်ရှိ

Photo: Barcelona

ဘာစီလိုနာအသင်း၏ ကြယ်ပွင့်ကစားသမား ယမားလ်သည် ကြာသပတေးနေ့တွင် လေ့ကျင့်မှု ပြန်လုပ်နိုင်ခဲ့သည့်အတွက် စပိန်စူပါဖလားပွဲတွင် ပါဝင်ကစားနိုင်ဖွယ်ရှိကြောင်း သိရသည်။
ယမားလ်(၁၇ နှစ်)သည် ဒီဇင်ဘာ(၁၅)ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် လီဟာနက်စ်နှင့်ပွဲတွင် ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့သည့်အတွက် ရက်သတ္တပတ်အနည်းငယ် အနားယူနေခဲ့ရခြင်းဖြစ်သည်။
ဘာစီလိုနာအသင်းသည် ၎င်းဒဏ်ရာရရှိသည့် ကာလအတွင်း လာလီဂါပွဲစဉ်တစ်ပွဲသာ ယှဉ်ပြိုင်ခဲ့ရသည့်အတွက် ယမားလ်အား အနားပေးရခြင်းအတွက် ဆုံးရှုံးမှုမကြီးမားခဲ့သော်လည်း အက်သလက်တီကိုအသင်းနှင့် အမှတ်လုပွဲ ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်ပြီး ရှုံးနိမ့်ခဲ့သောကြောင့် ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် ဇန်နဝါရီ(၄)ရက်တွင် စပိန်ဘုရင့်ဖလားပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း ယမားလ်သည် ဇန်နဝါရီ(၈)ရက်တွင် ဘီလ်ဘာအိုအသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် စပိန်စူပါဖလား ဆီမီးဖိုင်နယ်မှသာ ပါဝင်ကစားဖွယ်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group