Eleven Media Group

မြန်မာ့ရိုးရာလက်ဝှေ့သမား သွေးလင်းထက် ONE Friday Fights - 93 ပြိုင်ပွဲတွင် ထိုင်းဖိုက်တာ ဖီးရတ်ပတ်ထမ်နှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်

Photo: ONE

မြန်မာ့ရိုးရာလက်ဝှေ့သမား သွေးလင်းထက်သည် ONE Friday Fights - 93 ပြိုင်ပွဲတွင် ထိုင်းနိုင်ငံသား မွေထိုင်းဖိုက်တာ ဖီးရတ်ပတ်ထမ်နှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်ကြောင်း သိရသည်။
ONE Friday Fights - 93 ပြိုင်ပွဲကို လာမည့်ဇန်နဝါရီ ၁၀ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုမ္မဏီအားကစားရုံတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။
ONE Friday Fights - 93 ပြိုင်ပွဲကို တွဲဆိုင်း ၁၂ ဆိုင်းဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ထိုင်းဖိုက်တာ ဖီးရတ်ပတ်ထမ်နှင့် မြန်မာဖိုက်တာ သွေးလင်းထက်တို့၏ တွဲဆိုင်းမှာ ပွဲစဉ်(၉) တွင် ပါဝင်နေလျက်ရှိသည်။
သွေးလင်းထက်နှင့် ယှဉ်ပြိုင်ထိုးသတ်မည့် ထိုင်းဖိုက်တာ ဖီးရတ်ပတ်ထမ်သည် ONE Friday Fights တွင် နှစ်ပွဲ ထိုးသတ်ထားပြီး နှစ်ပွဲစလုံး ပြိုင်ဘက်များအား အလဲထိုးဖြင့် အနိုင်ရရှိထားသည်။
ထိုင်းဖိုက်တာ ဖီးရတ်ပတ်ထမ်သည် ပြီးခဲ့သည့်ဧပြီအတွင်းက ထိုင်းဖိုက်တာ ကရော်ဆမ်ရစ်ကို ပထမအချီ ၂၅ စက္ကန့်မှာပင် အလဲထိုးဖြင့်လည်းကောင်း၊ စက်တင်ဘာအတွင်းက ထိုင်းဖိုက်တာ တိုင်ပတ်ဘူရီကို ပထမအချီ ၂ မိနစ် ၃၈ စက္ကန့်မှာပင် အလဲထိုးဖြင့်လည်းကောင်း အနိုင်ရရှိထားခြင်းဖြစ်သည်။
ထိုင်းဖိုက်တာ ဖီးရတ်ပတ်ထမ်သည် အသက် ၁၉ နှစ်သာ ရှိသေးပြီး အရပ် ၅ ပေ၊ ၆ လက်မရှိသူဖြစ်ကာ ပြိုင်ဘက်ကစားသမားကို တိုက်စစ်ဖွင့်ကစားတတ်သူဖြစ်သည်။
ထိုင်းဖိုက်တာ ဖီးရတ်ပတ်ထမ်နှင့် မြန်မာဖိုက်တာ သွေးလင်းထက်တို့သည် အသက်အရွယ်ပိုင်းနှင့် အရပ်အမောင်းတွင် ကွာဟချက် ကြီးကြီးမားမား မရှိသောကြောင့် ပွဲမှာ ပရိသတ်အကြိုက် ပွဲကောင်းတစ်ပွဲ ဖြစ်လာဖွယ်ရှိနေသည်။
မြန်မာ့ရိုးရာလက်ဝှေ့သမား သွေးလင်းထက်သည် ONE Friday Fights တွင် နှစ်ပွဲ ထိုးသတ်ထားပြီး တစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားသည်။
သွေးလင်းထက်သည် ပြီးခဲ့သည့်သြဂုတ်အတွင်းက ထိုင်းဖိုက်တာ ဂျစ်မောင်နွန်ကို အစီးထိုးသတ်ခဲ့ပြီး အမှတ်ဖြင့် အနိုင်ရှိခဲ့သည်။
သို့သော် သွေးလင်းထက်သည် ပြီးခဲ့သည့်နိုဝင်ဘာအတွင်းက ထိုင်းဖိုက်တာ ဘရာဇီးလ်ကို အမှတ်ဖြင့်ရှုံးနိမ့်ထားသည်။
ထို့ ကြောင့် ယခုပွဲမှာ သွေးလင်းထက်အတွက် နိုင်ပွဲရရန် အရေးကြီးနေသော်လည်း ပြိုင်ဘက်ဖိုက်တာမှာ အရည်အသွေးပြည့်ဝနေသူဖြစ်နေ၍ အခက်တွေ့ဖွယ်ရှိနေသည်။

မူရင်းသတင်း — Eleven Media Group