
ဘရစ္စတိုးလ် - ဝုလ်ဗ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၁ ရက် ည ၆:၃၀ နာရီ)
ဘရစ္စတိုးလ်စီးတီးက နောက်ဆုံးကစားခဲ့တဲ့ (၄) ပွဲမှာ (၃) ပွဲနိုင်၊ (၁) ပွဲသရေ ဆိုတဲ့ရလဒ်ကို ကစားခဲ့တယ်။ ဝုလ်ဗ်ကတော့ လက်စတာနဲ့ မန်ယူနိုက်တက်တို့ကို အနိုင်ကစားပြီးတော့ နောက်ထပ် အမှတ်ပေးဇယားထိပ်ပိုင်း အသင်း ၂သင်းဖြစ်တဲ့ စပါးကို သရေ၊ နော်တင်ဟမ်ကို ဂိုးပြတ်အရှုံးကစားခဲ့တယ်။ ဘရစ္စတိုးလ်က နောက်ဆုံး (၅) ပွဲမှာ Clean Sheet (၃) ပွဲယူထားပြီး ခံစစ်ပုံစံကောင်းပြနေတယ်။ ဘရစ္စတိုးလ်ကို ကြိုက်တယ်။
လီဗာပူးလ် - အက်ခရင်တန် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၁ ရက် ည ၆:၄၅ နာရီ)
လီဗာပူးလ်က နိုင်ပွဲတွေ ဆက်တိုက်ရနေခဲ့ပြီးမှ မန်ယူနိုက်တက်အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ အရှိန်ရပ်တန့်သွားခဲ့တယ်။ ပြီးတော့ လိဂ်ဖလားမှာ စပါးကို ထပ်ရှုံးတယ်။ ဒါပေမဲ့ အက်ခရင်တန်လိုအသင်းမျိုးနဲ့ ကစားတဲ့ အခါ လီဗာပူးလ်အတွက် အများကြီး စဉ်းစားနေစရာမရှိပါဘူး။ ဒီပွဲမှာ ဂျိုတာ၊ ဒါဝင်နူးနက်ဇ်၊ ဟာဗေးအဲလီယတ် အပါအဝင် ကစားခွင့်နည်းနေတဲ့ ကစားသမားတွေနဲ့ လူငယ်တွေတွဲပြီး ပွဲထွက်လာမယ်။ လီဗာပူးလ် ဂိုးပြတ်သွင်းမယ်။
နောဝစ်ချ် - ဘရိုက်တန် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၁ ရက် ည ၉:၃၀ နာရီ)
ပရီးမီးယားလိဂ်အသင်းဟောင်းတစ်သင်းဖြစ်တဲ့ နောဝစ်ချ်အသင်းက အဆိပ်ရှိတဲ့အသင်းအဖြစ် မြင်ရနိုင်ပါတယ်။ အိမ်ကွင်းမှာ လုံလောက်တဲ့ ခြေစွမ်း၊ လုံလောက်တဲ့ ပရိသတ်အရေအတွက်နဲ့ ဘရိုက်တန်ကို ဒုက္ခပေးနိုင်ဖို့လည်း ကြိုးစားပါလိမ့်မယ်။ ဒါပေမဲ့ ဘရိုက်တန်က ပိုကောင်းတဲ့လူစာရင်းကို ပိုင်ဆိုင်ထားသလို၊ ပိုကောင်းမွန်တဲ့ခြေစွမ်းကို ပိုင်ဆိုင်ထားတဲ့အသင်းလည်းဖြစ်တယ်။ ပုံမှန်အားဖြင့် ဘရိုက်တန်သာ အာရုံစိုက်ကစားရင် အသင်းကြီးတစ်သင်းတောင် ကျော်ဖြတ်ဖို့ ခက်တာမျိုးလည်း တွေ့ရတယ်။ ဘရိုက်တန်ပဲ ကြိုက်တယ်။
ချယ်လ်ဆီး - မိုကမ်ဘီ (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၁ ရက် ည ၉:၃၀ နာရီ)
ချယ်လ်ဆီးအသင်းက ပရီးမီးယားလိဂ်မှာ ရလဒ်ပိုင်းကျ ဆင်းမှုနဲ့အတူ အဆင့် (၄) နေရာအထိ ရောက်ရှိနေသလို၊ အပေါ်ပိုင်းနဲ့ အမှတ်ကွာဟချက်ကလည်း ပိုကြီးလာတယ်။ အောက်အသင်းတွေနဲ့ အမှတ်ကွာဟချက်ကလည်း ပိုကျဉ်းလာတယ်။ နောက်ဆုံး (၄) ပွဲမှာ (၂) ပွဲသရေ၊ (၂) ပွဲရှုံးခဲ့တယ်။ မိုကမ်ဘီကတော့ လိဂ်-၂ မှာတောင် တန်းဆင်းဇုန်ထဲရောက်နေတဲ့အသင်းဖြစ်နေလို့ ချယ်လ်ဆီးအသင်း ရလဒ်ဆိုးတွေကို ရပ်တန့်ရမယ့် ပွဲဖြစ်သလို၊ ပွဲပန်းနေတဲ့ ကစားသမားအချို့ကို အနားပေးရမယ့် ပွဲလည်းဖြစ်တယ်။ ချယ်လ်ဆီး ဂိုးပြတ်သွင်းလိမ့်မယ်။
ဘုန်းမောက် - ဝက်စ်ဘရွန်း (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၁ ရက် ည ၉:၃၀ နာရီ)
လိဂ်ချန်ပီယံရှစ်မှာ အကောင်းဆုံး ပုံစံပြပါလျက်နဲ့ ပရီးမီးယားလိဂ်နဲ့ ကပ်ပြီး လွဲချော်လေ့ရှိတဲ့အသင်းတစ်သင်းဆိုရင် ဝက်စ်ဘရွန်းကို ပြရမယ် ထင်တယ်။ အရည်အသွေးမြင့်ကစားသမားကောင်းတွေကို ရှာဖွေဖော်ထုတ်နိုင်ဆဲဖြစ်သလို၊ အားကောင်းတဲ့ ကစားဟန်နဲ့ လိဂ်ချန်ပီယံရှစ်မှာ ဒီအသင်းက ပုံမှန်လိုလို ထိပ်တန်းပုံစံပြလေ့ရှိပေမယ့် နောက်ဆုံးမှာ ကပ်ကပ်ပြီး လွဲချော်လေ့ရှိတယ်။ ဒါပေမဲ့ ဒီရာသီမှာတော့ ခါတိုင်းရာသီတွေ ထက်တောင်ပိုအားနည်းသွားသေးတယ်။ ဘုန်းမောက်ကွင်းမှာ မလွယ်ပါဘူး။ ဘုန်းမောက်ပဲ နိုင်မယ်။
ဘရန့်ဖို့ဒ် - ပလိုင်းမောက် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၁ ရက် ည ၉:၃၀ နာရီ)
ဘရန့်ဖို့ဒ်အသင်းက ရလဒ်ပိုင်းတွေ ဆက်တိုက်ကျဆင်းနေရာက နောက်ဆုံးကစားခဲ့တဲ့ပွဲမှာတော့ တိုက်စစ်ပိုင်းခြေစွမ်းပြမှုနဲ့အတူ ဆောက်သမ်တန်အသင်းကို ဂိုးပြတ်အနိုင်ကစားခဲ့တယ်။ ပလိုင်းမောက်ကတော့ လိဂ်ချန်ပီယံရှစ်မှာတောင် အမှတ်ပေးဇယားအောက်ဆုံးမှာ ရပ်တည်နေတဲ့အသင်းဖြစ်ပြီး ရလဒ်တွေကတော့ နောက်ပိုင်းမှာ နည်းနည်းလေးတိုးတက်လာ ပါတယ်။ ဒါပေမဲ့ ဘရန့်ဖို့ဒ်အတွက် လွယ်ကူတဲ့နိုင်ပွဲပါ။
နော်တင်ဟမ်ဖောရက်စ် - လူတန် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၁ ရက် ည ၉:၃၀ နာရီ)
လူတန်အသင်းကလည်း ပရီးမီးယားလိဂ်ပရိသတ်တွေ သိပ်မစိမ်းတဲ့အသင်းတစ်သင်းဖြစ်တယ်။ တစ်ချိန်က ဥရောပအဆင့်အထိ အောင်မြင်ခဲ့တဲ့ နော်တင်ဟမ်အသင်း လိဂ်ချန်ပီယံရှစ်မှာ နှစ်တွေအကြာကြီး ရှိနေချိန်မှာ လူတန်က ပရီးမီးယားလိဂ်မှာ အတိုင်းအတာတစ်ခုအထိ ရပ်တည်ခဲ့ဖူးတယ်။ အခုကတော့ နော်တင်ဟမ်ကို ပရီးမီးယားလိဂ်မှာ အသင်းကောင်း တစ်သင်းအဖြစ် မြင်နေရပြီ။ လူတန်က လိဂ်ချန်ပီယံရှစ်မှာ တောင် တန်းဆင်းဇုန်တိုက်ပွဲနားကပ်နေတဲ့အခြေအနေပါ။ နော်တင်ဟမ်ပဲ နိုင်ပွဲယူလိမ့်မယ်။
မန်စီးတီး - ဆဲလ်ဖို့ဒ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၂ ရက် နံနက် ၀၀:၁၅ နာရီ)
လက်စတာ၊ ဝက်စ်ဟမ်းတို့နဲ့ ကစားခဲ့တဲ့ပွဲတွေမှာ နိုင်ပွဲ တွေ ပြန်ရလာတဲ့ မန်စီးတီးအတွက် နောက်ထပ် လွယ်လွယ်ကူကူ ကျော်ဖြတ်ရမယ့် ပွဲတစ်ပွဲဖြစ်နေတယ်။ အသင်းအတွက် ကစားခွင့် သိပ်မရတဲ့ ကစားသမားအများအပြား ပွဲထွက်လာလိမ့်မယ်။ ဆဲလ်ဖို့ဒ်က သူ့ တန်းနဲ့ သူကတော့ ရလဒ်တော်တော်လေး ကောင်းနေတဲ့အသင်းဖြစ်ပြီး နိုင်ပွဲတွေ ဆက်တိုက်ရနေတာကို တွေ့ရတယ်။ ဒါပေမဲ့ မန်စီးတီးနဲ့ အဆင့်ကွာခြားလွန်းပါတယ်။ မန်စီးတီး ဂိုးမိုးရွာနိုင်တဲ့ ပွဲပါပဲ။
■ အခြားပွဲစဉ်များ
မစ်ဒယ်ဘရော့ - ဘလက်ဘန်း (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၁ ရက် ည ၆:၃၀ နာရီ)
ဘာမင်ဂမ် - လင်ကွန်းစီးတီး (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၁ ရက် ည ၆:၃၀ နာရီ)
လက်စတာ - QPR (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၁ ရက် ည ၈:၃၀ နာရီ)
ရက်ဒင်း - ဘန်လေ (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၁ ရက် ည ၉:၃၀ နာရီ)
ပရက်စတန် - ချာလ်တန် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၁ ရက် ည ၉:၃၀ နာရီ)
ဆန်းဒါးလန်း - စတုတ်စီးတီး (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၁ ရက် ည ၉:၃၀ နာရီ)
အိတ်စတာစီးတီး - အောက်စ်ဖို့ဒ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၁ ရက် ည ၉:၃၀ နာရီ)
လိဒ်စ် - ဟာရိုးဂိတ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၂ ရက် နံနက် ၀၀:၁၅ နာရီ)
လေတန်အိုရီးယန့် - ဒါဘီ (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၂ ရက် နံနက် ၀၀:၃၀ နာရီ)
မန်စဖီးလ်တောင်း - ဝီဂန် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၂ ရက် နံနက် ၀၀:၃၀ နာရီ)
ကိုဗင်ထရီ - ရှက်ဖီးဝင်းစ်ဒေး (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၂ ရက် နံနက် ၀၀:၃၀ နာရီ)