Eleven Media Group

■ လာလီဂါပွဲစဉ် (၁၉) ပွဲကြိုသုံးသပ်ချက်

အလာဗတ်စ် - ဂျီရိုနာ (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၁ ရက် ည ၇:၃၀ နာရီ)
အလာဗတ်စ်ကွင်းမှာဆိုရင် ဂျီရိုနာအသင်း အနိုင်ရဖို့ ခက်လေ့ရှိတယ်။ လက်ရှိခြေစွမ်းအရဆိုရင်လည်း ဂျီရိုနာရဲ့ အဝေးကွင်းကစားအားက ပုံမှန် မရှိဘူး။ အလာဗတ်စ်က အိမ်ကွင်းအားနဲ့ ကစားတတ်တဲ့အသင်းဖြစ်ပြီး အိမ်ကွင်းမှာ အမှတ်တွေရအောင် ယူလေ့ရှိတယ်။ အဲဒီလို အိမ်ကွင်းမာကျောတဲ့ အလာဗတ်စ်ကြောင့် ဂျီရိုနာ မလွယ်လောက်ဘူးထင်တယ်။ အိမ်ရှင် အလာဗတ်စ်နဲ့ ဂိုးအနည်းပဲ ကောင်းမယ်။


ဗယ်လာဒိုလစ် - ဘက်တစ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၁ ရက် ည ၉:၄၅ နာရီ)
ဗယ်လာဒိုလစ်ကတော့ စပိန်ဘုရင့်ဖလားကလည်း ထွက်လိုက်ရပြီ။ ဒါကြောင့် လာလီဂါမှာ ဇယားအောက်ဆုံးကနေ ရုန်းထွက်နိုင်ရေးကိုပဲ အာရုံအပြည့်စိုက်လာနိုင်တယ်။ အိမ်ကွင်းဆိုရင် ကစားပုံသိပ်မဆိုးလှလို့ ဘက်တစ်ကို အကောင်းဆုံးရင်ဆိုင်ပြနိုင်ဖို့ များနေတယ်။ ဘက်တစ်က ကစားပုံပြန်တက်လာပေမဲ့ အဝေးကွင်းဆို ရုန်းကန်ရတတ်တယ်။ ဗယ်လာဒိုလစ် အမှတ်ရဖို့ ကြိုးစားလာမှာဖြစ်ပြီး ဂိုးအနည်းသရေပွဲပဲလို့ မှန်းချင်တယ်။


အက်စ်ပန်ညို - လီဟာနက်စ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၁ ရက် ည ၁၂:၀၀ နာရီ)
အက်စ်ပန်ညိုက အိမ်ကွင်းကစားပုံကောင်းပြီး ခံစစ်ပိုင်းလည်း ပိုငြိမ်လာတယ်။ အသင်းလိုက်လုပ်အားလည်း ကောင်းလို့ လီဟာနက်စ်ကို ဖိအားပေးနိုင်ဖို့ ရှိတယ်။ လီဟာနက်စ်က အဝေးကွင်းဆိုရင် သတိကြီးကြီးထားကစားပြီး ဂိုးမပေးရရေးကို ဦးစားပေးတတ်လို့ အက်စ်ပန်ညိုတိုက်စစ်အလုပ်ဖြစ်၊ မဖြစ်ပဲ ကြည့်ရမယ်။ လီဟာနက်စ်နဲ့ ဂိုးအနည်းပဲ ကြိုက်တယ်။


ဆီဗီလာ - ဗလင်စီယာ (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၂ ရက် နံနက် ၂:၃၀ နာရီ)
ဗလင်စီယာက နည်းပြသစ် ကော်ဘီရန်လက်ထက်မှာ အသင်းကြီးတွေနဲ့ပဲ တောက်လျှောက်ဆုံနေရပြီး ရလဒ်ကောင်းရအောင် မယူနိုင်သေးဘူး။ နှစ်သစ်အစက ရီးယဲလ်ကို အရှုံးပေးထားရပြီး အခုလည်း ဆီဗီလာကွင်းမှာ ကစားရဦးမယ်။ ဆီဗီလာက ခြေမမှန်ဘူးဆိုပေမဲ့ အိမ်ကွင်းဆိုရင် အားထုတ်မှု ကောင်းတယ်။ ဒီတော့ ဒီပွဲမှာ သရေလောက် ကစားနိုင်ရင်ပဲ ဗလင်စီယာအတွက် ကျေနပ်စရာဖြစ်နေတယ်။ ဂိုးလည်း နည်းမယ်။

မူရင်းသတင်း — Eleven Media Group