Eleven Media Group

ပရီးမီးယားလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

Photo : AFP

အာဆင်နယ် နှင့် စပါး
FA ဖလားပွဲစဉ်တွေမတိုင်ခင် အခြေအနေအရ စပါးက နောက်ဆုံးကစားခဲ့တဲ့ ၄ ပွဲမှာ ၃ ပွဲရှုံး၊ ၁ ပွဲသရေကျခဲ့တယ်။ လက်ရှိ စပါးရဲ့ လက်ရှိ ပြဿနာတွေထဲမှာ အဓိကကတော့ ခံစစ်ပိုင်း ပြဿနာဖြစ်တယ်။ ပရီးမီးယားလိဂ်နောက်ဆုံး ၄ ပွဲ မှာ လီဗာပူးလ်ကို ၆ ဂိုးပေးရတယ်။ နော်တင်ဟမ်၊ ဝုလ်ဗ်၊ နယူးကာဆယ်နဲ့ ၃ ပွဲမှာ ၅ ဂိုးပေးရတယ်။ စုစုပေါင်း ၁၁ ဂိုးပေးခဲ့ရတယ်။ တိုက်စစ်ပိုင်းက မဆိုးဘူးလို့ ပြောနိုင်ပေမယ့် တကယ်တော့ အရေးအကြောင်းမှာ ကယ်တင်နိုင်တဲ့ တိုက်စစ်ပိုင်းမျိုး မဟုတ်ဘူး။ ဆွန်ဟောင်မင်ခြေကျနေသလို၊ ဘရန်နန်ဂျွန်ဆင်လည်း ဂိုးသွင်းနှုန်းပြန်ကျလာတယ်။ မတ်ဒီဆန်ကိုလည်း နည်းပြက မကြိုက်ဘူး။ စပါးရဲ့ တိုက်စစ်ပိုင်းမှာ ကူလူဆက်ဗ်စကီး နဲ့ ဆိုလန်ကီကိုပဲ မှီခိုနေရတယ်။ အာဆင်နယ်က နောက်ဆုံး ကစားခဲ့တဲ့ပွဲတွေမှာ အားနည်းချက်တချို့ရှိပေမယ့် စပါးထက်စာရင် ခြေစွမ်းတည်ငြိမ်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲမှာ သရေကျခဲ့ပေမယ့် ပုံမှန်အားဖြင့် အာဆင်နယ်ရဲ့ တိုက်စစ်ပိုင်းရော၊ ခံစစ်ပိုင်းပါ စပါးထက် အများကြီးပိုကောင်းတယ်။ ပိုတည်ငြိမ်တယ်။ ကစားရမှာကလည်း အာဆင်နယ် အိမ်ကွင်းဖြစ်နေတယ်။ အာဆင်နယ်ပဲ နိုင်မယ်။

အဲဗာတန် နှင့် အက်စတွန်ဗီလာ
အဲဗာတန်က သူတို့နဲ့အတူ နှစ်ပေါင်းများစွာ လက်တွဲခဲ့ဖူးတဲ့ နည်းပြသစ် ဒေးဗစ်မွိုက်စ်နဲ့ ပြန်လက်တွဲခဲ့ပြီး ဗီလာကို အိမ်ကွင်းမှာ ရင်ဆိုင်မယ်။ လက်ရှိ ခြေစွမ်းအရတော့ ဗီလာကိုပဲ ကြိုက်တယ်။

လက်စတာ နှင့် ခရစ္စတယ်ပဲလေ့စ်
နစ္စတယ်ရွိုင်းရဲ့လက်စတာကလည်း ရုန်းကန်နေရတယ်။ အသင်းလိုက်ကစားပုံရော စိတ်ဓာတ်ပါတိုးတက်လာပေမယ့် မလုံလောက်သေးဘူး။ လက်ရှိ အချိန်မှာပဲလေ့စ်က ပိုကောင်းပါတယ်။ ပဲလေ့စ်ကို ကြိုက်တယ်။

နယူးကာဆယ် နှင့် ဝုလ်ဗ်
လက်ရှိ ပရီးမီးယားလိဂ်မှာ ရလဒ်အကောင်းဆုံးအသင်း ၃ သင်းဆိုရင် လီဗာပူးလ်၊ နော်တင်ဟမ်နဲ့ နယူးကာဆယ်တို့ကို ပြောရမယ်။ နယူးကာဆယ်က ခံစစ်ပိုင်း စွမ်းဆောင်ရည်ပါ တိုးတက်လာပြီး Clean Sheet တွေနဲ့ နိုင်ပွဲတွေ ဆက်တိုက်ယူနေတယ်။ ဝုလ်ဗ်ကလည်း နည်းပြသစ်နဲ့အတူ ခြေတက်လာပါတယ်။ ဒါပေမဲ့ နောက်ဆုံးပွဲမှာ နော်တင်ဟမ်ကို ဂိုးပြတ်ရှုံးခဲ့တယ်။ ဒီပွဲလည်း နယူးကာဆယ်ကို ထပ်ရှုံးဦးမှာပဲ။

မူရင်းသတင်း — Eleven Media Group