Eleven Media Group

ယမားလ်အနေဖြင့် အနာဂတ်တွင် Ballon d'Or ဆုကို အနည်းဆုံး  (၃) ကြိမ် ရလိမ့်မည်ဟု ဘာစီလိုနာအသင်းဖော် ရာဖင်ညာ ထောက်ခံ

Photo: X

ဘာစီလိုနာတောင်ပံတိုက်စစ်ကစားသမား ရာဖင်ညာက အသင်းဖော် လူငယ်ကြယ်ပွင့် ယမားလ်အနေဖြင့် အနာဂတ်တွင် Ballon d'Or ဆုကို အနည်းဆုံး (၃) ကြိမ်ရလိမ့်မည်ဟု ထောက်ခံပြောကြားခဲ့သည်။
ရာဖင်ညာနှင့် ယမားလ်တို့သည် ယခုရာသီတွင် ဘာစီလိုနာအသင်းအတွက် အထူးခြေစွမ်းပြနေကြပြီး ၂၀၂၅ Ballon d'Or ဆုအတွက် ထည့်သွင်းစဉ်းစားရမည့်သူများအဖြစ် သတ်မှတ်ခံနေရသည်။
အသက် (၁၇)နှစ်အရွယ်ရှိ စပိန်လူငယ်ကြယ်ပွင့် ယမားလ်သည် ပြီးခဲ့သည့်ရာသီက ဘာစီလိုနာနှင့် ယူရို ၂၀၂၄ ချန်ပီယံ စပိန်အသင်းအတွက် ခြေစွမ်းပြခဲ့ခြင်းကြောင့် Kopa Trophy နှင့် Golden Boy ဆုများကို ရရှိခဲ့ပြီး ၂၀၂၄ Ballon d'Or တွင်လည်း အဆင့် (၈) ချိတ်ခဲ့သည်။
ယခုအခါ ရာဖင်ညာက ''လာမင်း(ယမားလ်) အနေနဲ့ Ballon d'Or ဆု သေချာပေါက် ရပါလိမ့်မယ်။ သူ အနည်းဆုံး (၃) ကြိမ်လောက်ရမယ်လို့ ကျွန်တော်တို့ ပြောရအောင်ပါ''ဟု ပြောကြားခဲ့သည်။
ယမားလ်သည် ယခုရာသီတွင် ဘာစီလိုနာအသင်းအတွက် ခြေစွမ်းပြနေပြီး လာလီဂါ (၁၆) ပွဲတွင် (၅) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၁၀) ကြိမ် ပြုလုပ်ထားသည်။
ယမားလ်သည် မက်ဆီ၏ခြေရာကို နင်းမည့်သူအဖြစ် သတ်မှတ်ခံနေရသူလည်း ဖြစ်သည်။

မူရင်းသတင်း — Eleven Media Group