Eleven Media Group

အာမက်ဒီယာလို၏ ဟက်ထရစ်ဂိုးကြောင့် ဆာဂျင်ရက်ကလစ်ဖ်နှင့် စကားပြောရာတွင် အဆင်ပြေခဲ့ကြောင်း မန်ယူအသင်းနည်းပြ အာမိုရင်မ် ဝန်ခံ

Photo: Goal.com

မန်ယူအသင်းနည်းပြ အာမိုရင်မ်က ဆောက်သမ်တန်အသင်းနှင့်ပွဲတွင် သွင်းယူခဲ့သည့် အာမက်ဒီယာလို၏ ဟက်ထရစ်ဂိုးကြောင့် ပူးတွဲအသင်းပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်နှင့် စကားပြောရာတွင် အဆင်ပြေခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်။

မန်ယူအသင်းသည် ဇန်နဝါရီ ၁၆ ရက်က ပရီးမီးယားလိဂ်ပွဲစဉ် (၂၁) အဖြစ် ဇယားအောက်ဆုံးမှ ဆောက်သမ်တန်အသင်းနှင့် အိမ်ကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရာ မိနစ် ၈၀ ကျော်အထိ (၀-၁) ဂိုးဖြင့် ရှုံးနိမ့်နေသော်လည်း တောင်ပံကစားသမား အာမက်၏ ဟက်ထရစ်ဂိုးကြောင့် (၃-၁) ဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။ အာမိုရင်မ်သည် ယင်းပွဲအပြီးတွင် ပူးတွဲအသင်းပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်နှင့် စကားပြောခဲ့ပြီး ပွဲရလဒ်မှာ အထောက်အကူ ဖြစ်စေခဲ့ကြောင်း ဝန်ခံပြောကြားခြင်းဖြစ်သည်။

"မတူညီတဲ့အကြောင်းအရာတွေပြောဖို့ သူ (ဆာဂျင်ရက်ကလစ်ဖ်) နဲ့ အချိန်ငါးမိနစ် ရခဲ့ပါတယ်။ ဒါက ပွဲကောင်းတစ်ပွဲမဟုတ်ပါဘူး။ ဒါပေမဲ့ ရလဒ်က အဲဒီစကားပြောဆိုမှုကို အထောက်အကူဖြစ်စေခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကိုယ့်အလုပ်ကို ဆက်လုပ်နေပါတယ်။ ဒီနေ့ပွဲ အနိုင်ရဖို့က ပိုအရေးကြီးပါတယ်။ ပရိသတ်တွေက ပိုကောင်းတဲ့ပွဲစဉ်တွေကို ကြည့်ချင်ကြတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ နိုင်ပွဲတွေရဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ အနိုင်ရအောင် လုပ်နိုင်ခဲ့တယ်။ ပြီးတော့ လာမယ့်ပွဲအတွက် ကျွန်တော်ပြင်ဆင်သွားပါမယ်" ဟု အာမိုရင်မ်က ပြောကြားခဲ့သည်။

အသက် ၂၂ နှစ်၊ ၁၈၉ ရက်သာရှိသေးသည့် အိုင်ဗရီကို့စ်လက်ရွေးစင်ကစားသမား အာမက်သည် အသင်းခေါင်းဆောင်ဟောင်း ၀ိန်းရွန်နီ (၂၁ နှစ်၊ လေးရက်) ပြီးလျှင် မန်ယူအသင်းအတွက် ပရီးမီးယားလိဂ်တွင် ဟက်ထရစ်သွင်းယူဖူးသူများအနက် ဒုတိယအသက် အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ထို့ပြင် ၎င်းသည် ဆိုးလ်ရှား (၁၉၉၉ ဖေဖော်ဝါရီ) နှင့် ရွန်နီ (၂၀၁၀ ဇန်နဝါရီ) တို့ပြီးလျှင် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပွဲပြီးခါနီး နောက်ဆုံး ၁၀ မိနစ်အတွင်း ဟက်ထရစ်သွင်းယူနိုင်သည့် တတိယမြောက်ကစားသမားဖြစ်လာပြီး ၎င်းတို့သုံးဦးစလုံးမှာ မန်ယူအသင်း ကစားသမားများဖြစ်သည်။

အာမက်သည် ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် အတ္တလန္တာအသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့လာသူဖြစ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်တွင် ၂၀၃၀ ပြည့်နှစ်အထိ သက်တမ်းရှိသည့် စာချုပ်သစ် ချုပ်ဆိုထားသည်။

မူရင်းသတင်း — Eleven Media Group