
အင်္ဂလန်လက်ရွေးစင် နောက်ခံလူဟောင်း ၀ိန်းဘရစ်ချ်နှင့် YouTuber မှ ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားအဖြစ် ထိုးသတ်နေသည့် KSI တို့ မတ်လအတွင်း လက်ဝှေ့ပွဲထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲစဉ်ကို မတ် ၂၉ ရက်တွင် မန်ချက်စတာမြို့၌ ကျင်းပမည်ဖြစ်ကြောင်း KSI တည်ထောင်ထားသည့် Misfits Boxing အဖွဲ့အစည်းက ဇန်နဝါရီ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ပွဲကျင်းပမည့်နေရာကို ထပ်မံကြေညာမည်ဖြစ်သည်။ ၀ိန်းဘရစ်ချ် (၄၄ နှစ်) သည် ဆောက်သမ်တန်၊ ချယ်လ်ဆီး၊ ဖူလ်ဟမ်၊ မန်စီးတီး၊ ဝက်စ်ဟမ်း၊ ဆန်းဒါးလန်း၊ ဘရိုက်တန်၊ ရက်ဒင်း စသည့်ကလပ်များတွင် ကစားခဲ့ဖူးသူဖြစ်ပြီး ၂၀၁၄ ခုနှစ် မေလ၌ ကစားသမားဘဝမှ အနားယူခဲ့သည်။
ထို့နောက် ၀ိန်းဘရစ်ချ်သည် ၂၀၁၈ ခုနှစ် မတ်လတွင် BBC သတင်းဌာန၏ Sports Relief အစီအစဉ်အတွက် ရုပ်သံတင်ဆက်သူ စပန်ဆာမက်သယူးနှင့် သရုပ်ပြလက်ဝှေ့ပွဲထိုးသတ်ဖူးပြီး သုံးချီထိုးသတ်ပြီးနောက် ဒိုင်အားလုံး၏ အဆုံးအဖြတ်ဖြင့် အနိုင်ရခဲ့သည်။
အင်္ဂလန်နိုင်ငံသား Influencer ဖြစ်သူ KSI (၃၁ နှစ်) မှာလည်း ၂၀၁၈ ခုနှစ်မှစ၍ လက်ဝှေ့ပွဲစဉ်များထိုးသတ်လျက်ရှိပြီး အပျော်တမ်းပွဲစဉ် နှစ်ပွဲတွင် တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ ပရော်ဖက်ရှင်နယ်ပွဲစဉ် ခြောက်ပွဲတွင် လေးပွဲ နိုင်၊ တစ်ပွဲရှုံးနိမ့်ကာ တစ်ပွဲမှာမူ ရလဒ်ပယ် ဖျက်ခံထားရသည်။
ပြီးခဲ့သည့်နှစ်များအတွင်း Influencer များနှင့် ပရိုအားကစားသမားများ၏ လက်ဝှေ့ပွဲစဉ်များကို ပရိသတ်စိတ်ဝင်စားမှုမြင့်တက်လာပြီး နိုဝင်ဘာလအတွင်း မိုက်တိုင်ဆန်နှင့် ဂျိတ်ပေါလ်တို့၏ပွဲကို ကွင်းအတွင်းကြည့်ရှုသူ ၇၀၀၀၀ ကျော် ရှိခဲ့သည်။