Eleven Media Group

မြန်မာနောက်ခံလူ ဇော်မင်းထွန်း ထိုင်းလိဂ်-၂ ကလပ် ထရတ်အသင်းမှ ဘန်ကောက်အသင်းသို့ ယခုရာသီကုန်အထိ အငှားဖြင့်သွားရောက်ကစားမည်

Photo: BKFC

မြန်မာ့လက်ရွေးစင်ဟောင်း ၀ါရင့်နောက်ခံလူ ဇော်မင်းထွန်းသည် ထိုင်းလိဂ်-၂ ကလပ် ထရတ်အသင်းမှ ဘန်ကောက်အသင်းသို့ ယခုရာသီကုန်အထိ အငှားဖြင့်သွားရောက်ကစားမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းလိဂ်-၂ ကလပ်အသင်းပင်ဖြစ်သည့် ဘန်ကောက်အသင်းသည် လာမည့်ရာသီတွင် ထိုင်းလိဂ်-၁ သို့ တန်းတက်ကစားခွင့်ရရန် ပစ်မှတ်ထားနေပြီး နောက်တန်းကို ပိုမိုကျစ်လျစ်မာကျောရန် ပြင်ဆင်လိုသောကြောင့် မြန်မာ့လက်ရွေးစင်ဟောင်း ၀ါရင့်နောက်ခံလူ ဇော်မင်းထွန်းကို ထိုင်းလိဂ်-၂ ကလပ် ထရတ်အသင်းမှ အငှားဖြင့် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။
ဇော်မင်းထွန်း၏ မူလကလပ်အသင်းဖြစ်သည့် ထရတ်အသင်းသည် ပြီးခဲ့သည့်ရာသီဝက်အပြောင်းအရွှေ့ကာလတွင် တောင်ကိုရီးယားနောက်ခံလူတစ်ဦးကို ခေါ်ယူအားဖြည့်ခဲ့သောကြောင့် ဇော်မင်းထွန်းကို ဘန်ကောက်အသင်းသို့ အငှားချရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းလိဂ်-၂ ကလပ် ဘန်ကောက်အသင်းသည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၉ ရက်က ဇော်မင်းထွန်းကို ပရိသတ်များနှင့် မိတ်ဆက်ပေးခဲ့ပြီး အသင်းတာဝန်ရှိသူများကလည်း နွေးထွေးစွာကြိုဆိုခဲ့ကြကြောင်း သိရသည်။
ဇော်မင်းထွန်းသည် ဘန်ကောက်အသင်းတွင် ကျောနံပါတ် ၃၂ ကို ဝတ်ဆင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဘန်ကောက်အသင်းသည် ယခုရာသီ ထိုင်းလိဂ်-၂ အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၂၀) အပြီးတွင် ၁၁ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၇ ပွဲရှုံး၊ ရမှတ် ၃၅ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့်(၄) နေရာတွင် ရပ်တည်နေလျက်ရှိကြောင်း သိရသည်။
ထိုင်းလိဂ်ပြိုင်ပွဲများ၏ တန်းတက်တန်းဆင်း သတ်မှတ်ထားမှုအရ ထိုင်းလိဂ်-၂ ပြိုင်ပွဲအပြီးတွင် အမှတ်ပေးဇယား ထိပ်ဆုံးရပ်တည်မှုရ အသင်းနှစ်သင်းမှာ ထိုင်းလိဂ်-၁ ပြိုင်ပွဲသို့ တိုက်ရိုက်တန်းတက်ခွင့်ရမည်ဖြစ်ပြီး Play-off အဆင့်မှ တစ်သင်း၊ ပေါင်း သုံးသင်း တက်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။
ထိုင်းလိဂ်-၂ ပြိုင်ပွဲ တန်းတက်ခွင့်တစ်နေရာအတွက် Play-off ကစားခွင့်ကို အမှတ်ပေးဇယား အဆင့် ၃ မှ အဆင့် ၆ နေရာရ အသင်း ၄ သင်းကို သတ်မှတ်ထားကြောင်းသိရသည်။
ဇော်မင်းထွန်း၏ ဘန်ကောက်အသင်းသည် လက်ရှိအခြေအနေအရဆိုပါက တန်းတက်ခွင့်တစ် နေရာအတွက် Play-off ကစားခွင့် ရရှိမည်ဖြစ်သည်။
ဇော်မင်းထွန်းသည် ယခုရာသီကုန်တွင် မူရင်းကလပ် ထရတ်သင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သောကြောင့် ဘန်ကောက်အသင်းကသာ ဆက်လက်ကစားစေလိုပါက သက်တမ်းတိုးစာချုပ် ဆက်လက်ချုပ်ဆိုသွားဖွယ်ရှိကြောင်း သိရသည်။
ဇော်မင်းထွန်းသည် ယခုရာသီအစကမှ ထရတ်အသင်းသို့ တစ်ရာသီစာချုပ်ဖြင့် ပြောင်းရွှေ့လာပြီး အသင်းအတွက် ၁၁ ပွဲ ကစားပေးထားကြောင်း သိရသည်။
ဇော်မင်းထွန်းသည် ၂၀၁၉ ခုနှစ်ကတည်းက ပြည်ပကလပ်အသင်းများသို့ သွားရောက်ကစားနေသူဖြစ်ပြီး ဘန်ကောက်အသင်းမှာ ခြောက်သင်းမြောက်ဖြစ်သည်။

မူရင်းသတင်း — Eleven Media Group