
မြန်မာ့လက်ရွေးစင်နောက်ခံလူ စိုးမိုးကျော်သည် ကမ္ဘောဒီးယားပရီးမီးယားလိဂ်ကလပ် Tiffy Army အသင်းနှင့် လမ်းခွဲလိုက်ပြီဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်နောက်ခံလူ စိုးမိုးကျော်သည် ပြီးခဲ့သည့်ဇန်နဝါရီ ၁၈ ရက်က ၎င်း၏ Facebook လူမှုကွန်ရက်မှနေ၍ ''အရာရာအားလုံးအတွက် ကျေးဇူးတင်ရှိကြောင်းနှင့် နှုတ်ဆက်ပါတယ်''ဟု ရေးသားကာ Tiffy Army အသင်းဂျာစီဝတ်ဆင်ထားသည့်ပုံကို ပို့စ်တင်ခဲ့ခြင်းဖြစ်သည်။
စိုးမိုးကျော်သည် ယခုရာသီအစကမှ ကမ္ဘောဒီးယားပရီးမီးယားလိဂ်ကလပ် Tiffy Army အသင်းသို့ တစ်ရာသီစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး အသင်း၌ အမာခံကစားသမားအဖြစ် ပုံမှန်ပွဲထွက်ခွင့်ရရှိနေသူဖြစ်သည်။
စိုးမိုးကျော်သည် ၂၀၂၄ အာဆီယံဖလားပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်အသင်းအတွက် ကစားပေးရန် ရန်ကုန်မြို့သို့ရောက်ရှိလာခဲ့သော်လည်း လေ့ကျင်းရေးကွင်းတွင် ဒဏ်ရာရခဲ့သောကြောင့် အစောပိုင်းနှစ်ပွဲဖြစ်သည့် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်အသင်းတို့နှင့်ပွဲကို လွဲချော်ခဲ့ရသည်။
စိုးမိုးကျော်သည် ၂၀၂၄ အာဆီယံဖလားပြိုင်ပွဲအပြီး ပြန်လည်စတင်သည့် ကမ္ဘောဒီးယားပရီးမီးယားလိဂ်ပြိုင်ပွဲတွင် Tiffy Army အသင်း၏ ပွဲစဉ်နှစ်ပွဲကို ပါဝင်ကစားခွင့်မရခဲ့ဘဲ အရန်စာရင်းတွင်ပင် မပါဝင်တော့ကာ နောက်ဆုံးတွင် အသင်းနှင့် လမ်းခွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။